Wednesday, October 28, 2009

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံပွဲ သြစတြေးလျ ၀န်ကြီးချုပ် ဇနီး ပူးပေါင်း ပါဝင်

27th Oct of 2009. VOANEWS. (ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပိုစတာနှင့် အတူတွေ့ရသော သြစတြေးလျ ၀န်ကြီးချုပ်၏ဇနီး မစ္စတယ်ရက်ဆယ်ရိန်း) ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့ အနေနဲ့ သြစတြေးလျနိုင်ငံက ကမ္ဘာကျော် ဆစ်ဒ်နီ အော်ပရာ ပြဇာတ်ရုံကြီးရှေ့မှာ သြစတြေးလျဝန်ကြီးချုပ် ကယ်ဗင် ရပ်ဒ် (Kevin Rudd) ရဲ့ဇနီး အပါအ၀င် ရာနဲ့ချီတဲ့ သြစတြေးလျ ပြည်သူတွေ ဒီကနေ့ စုဝေးခဲ့ကြပါတယ်။
ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကို သြစတြေးလျ ၀န်ကြီးချုပ် ကယ်ဗင် ရပ်ဒ်ရဲ့ ဇနီးဖြစ်သူ တယ်ရက်ဆယ် ရိန်း (Terese Rein) နဲ့ အတိုက်အခံခေါင်းဆောင် မဲလ်ကွမ်း တန်ဘူးလ် (Malcolm Turnbull) ရဲ့ဇနီး လူစီ တန်ဘူးလ် (Lucy Turnbull) တို့ကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့ကြသလို ၀န်ကြီးချုပ် ကယ်ဗင် ရပ်ဒ် ကိုယ်တိုင်ကလည်း ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် ထောက်ခံအားပေးခဲ့ တယ်လို့ အခမ်းအနားကို ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

Saturday, October 10, 2009

ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသံတမန်တွေနဲ့ တွေ့ဆုံ

09 October 2009. VOA NEWS.
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံ သံအရာရှိ တွေကို ရန်ကုန်မြို့က မြန်မာအစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သတင်း အချက်အလက်တွေ ရယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က တောင်းဆိုချက်အတိုင်း စစ်အစိုးရ အာဏာပိုင်တွေက ဒီလိုတွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

ဒီနေ့မနက် ၁၀ နာရီက အမေရိကန်သံရုံး ယာယီတာဝန်ခံ သောမတ်စ် ဗက်တာ (Thomas Vajta)၊ ဥရောပ နိုင်ငံတွေကိုယ်စား မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်န်ဒရူးဟိန်း (Andrew Heyn)၊ သြစတြေးလျနိုင်ငံ ယာယီသံရုံးတာဝန်ခံ ဒု သံအမတ်ကြီး ဆိုင်မွန် ခရစ်တိုဘာ စတား (Simon Christopher Starr) တို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကျော် ကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ မြန်မာစစ်အစိုးရ အရာရှိတွေလည်း တွေ့ဆုံချိန်မှာ ရှိနေခဲ့ပါတယ်။

ဒေါ်စု ဒီမိုကရေစီရေး သန္နိဌာန်ခိုင်မာမှု နိုဘယ်လ်ဆုလက်ခံမိန့်ခွန်းမှာ အိုဘားမား ပြော

၂၀၀၉ ခုနှစ်နိုဘယ်လ်ငြိမ်းချမ်း ရေးဆုရှင် အမေရိကန်သမ္မတ အိုဘားမား ပုံကို ကိုင်ဆောင်ထားသည့် နော်ဝေနိုင်ငံ နိုဘယ်လ်ကော်မတီ ဥက္ကဌ Thorbjoern Jagland (9.10.2009).VOA NEWS.

ဒီနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကတော့ သူ့လိုပဲ ဆုရှင်တဦးဖြစ်ပေမဲ့ အခုအချိန်အထိ ဆက်လက်ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်တွေ အားလုံးနဲ့ ဒီဆုဟာ သက်ဆိုင်ပါတယ်လို့ ပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ်မြောက် လာတာကို မြင်တွေ့လိုတဲ့ အကြောင်းကိုလည်း အမေရိကန် အစိုးရက ထပ်ပြီး ပြောခဲ့တာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တွေထဲက တဦးတည်းသော ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီရေး စွမ်းဆောင်မှုတွေကို အခုနှစ်အတွက် ဆုရှင်ဖြစ်လာတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အလေးထား ပြောဆိုလိုက်တာပါ။ သမ္မတက ဆုချီးမြှင့်ခံရကြောင်း သိရပြီးတဲ့နောက် ပြောဆိုလိုက်တဲ့ နေရာမှာ ဒီဆုဟာ သူ့အစိုးရကို ဂုဏ်ပြုတာထက် အဓိပ္ပါယ် ပိုတဲ့ အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ "ဒီဆုဟာ ကျနော့်အစိုးရရဲ့ ကြိုးပမ်းချက် သက်သက်ကိုသာ ဆုချီးမြှင့်တာ မဟုတ်ပါဘူး။ ကမ္ဘာ တလွှားက ရဲရဲရင့်ရင့် ကြိုးပမ်း ရုန်းကန်နေကြသူတွေ အတွက်လည်းဖြစ်ပါတယ်။ "သမ္မတ အိုဘားမား က သူ့အနေနဲ့ ဒီဆုလက်ခံရ ခဲ့ကြ သူတွေနဲ့စာရင် ထိုက်ထိုက်တန်တန် ရခဲ့တာလို့တောင် မခံစားမိတဲ့ အကြောင်းလည်း ပြောခဲ့တာပါ။ တကယ်တော့ ဒီ နိုဘယ်လ် ငြိမ်းချမ်း ရေးဆုဟာ ကမ္ဘာတ၀န်းက လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် ၁၉၉၁ ခုနှစ်က ဆုရရှိခဲ့ သူ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးတွေနဲ့လည်း သက်ဆိုင်ပါတယ်လို့ သမ္မတက မနေ့တုန်းကပဲ မှတ်ချက်ပေး ပြောသွားခဲ့ တာ ဖြစ်ပါတယ်။

"ဒါကြောင့်လည်း တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကြိုးပမ်းနေသူတွေ အားလုံးဟာလည်း ဒီဆုနဲ့ သက်ဆိုင်ပါတယ်။ ရိုက်နှက်မှုတွေ ကျည်ဆံတွေကို ရင်ဆိုင်ပြီး လူ့အခွင့်အရေးအတွက် လမ်းပေါ်မှာ ချီတက်ခဲ့တဲ့ အမျိုးသမီးငယ်တဦးလို၊ ဒီမိုကရေစီရေး အတွက် သန္နိဌာန် တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ကိုယ့်အိမ်မှာ အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် တယောက်၊ ကမ္ဘာကြီးရဲ့ တခြားတဖက်မှာ လှည့်လည် တာဝန်ထမ်းနေရတဲ့ စစ်သည်တွေ၊ ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ လုံခြုံမှု၊ လွတ်မြောက်မှုနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့ကြသူ ကမ္ဘာတ၀န်း က အမျိုးသား အမျိုးသမီးတွေ အားလုံး အတွက်လည်း ဖြစ်ပါတယ်။ "တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး အတွက်လည်း ထပ်မံတိုက်တွန်းမှုတွေ လုပ်ခဲ့တာပါ။ သမ္မတရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရတဲ့အကြောင်း မှတ်ချက်ပေးစကားကိုကိုးကားပြီး အမေရိကန် အစိုးရရဲ့ ရပ်တည်ချက် သဘောထားကို နိုင်ငံခြားရေး ဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"ကျနော်တို့ ဦးစားပေးထားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ပါ။ သမ္မတရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကြေညာချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကိုးကားပြီး ပြောသွားတာကို ခင်ဗျားတို့ သတိထားမိကြ မှာပါ။ "မနေ့တုန်းကပဲ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ယာယီ တာဝန်ခံအပါအ၀င် ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံက သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာမှာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု ကိစ္စတွေနဲ့ ပတ်သက် လို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ် ထားပေမဲ့ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင် ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ပြောဆိုထားတာပါ။ ဒီလို ပြောင်း လဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် ခွင့်ပြုဖို့လည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိ ကန်အပါအ၀င် သံတမန်တွေနဲ့ တွေ့ခွင့်ရတဲ့အပေါ် အကောင်းမြင် သဘောထားရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးဟာ မြန်မာ နိုင်ငံအတွက် အရေးပါတဲ့ ခြေလှမ်းအဖြစ် အမေရိကန် အစိုးရက ရှုမြင်ထားဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဌာန လက်ထောက် ပြော ခွင့်ရပုဂ္ဂိုလ် P J Crowley က ဆိုခဲ့တာ ဖြစ်ပါတယ်။

"တွေ့ဆုံမှုတွေဖြစ်ခဲ့တာကို ကျနော်တို့ ကျေနပ်မိပါတယ်။ သိတဲ့အတိုင်း သူဟာ မြန်မာပြည်ရဲ့ လက်ရှိကာလနဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးပါတဲ့ ပုဂ္ဂိုလ် တယောက်ပါ။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ သူ့ကို ပြန်လွှတ်ပေးဖို့ သင့်တယ်လို့လည်း ယုံကြည် ထားပါတယ်။" အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley ဖြစ်ပါတယ်။ ရှေ့လအတွင်း စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် APEC အာရှ ပစိဖိတ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ စီးပွားရေး ခေါင်းဆောင်တွေရဲ့ အစည်းအဝေး အတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း သမ္မတ အိုဘားမား ရဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံမယ့် ဒီအစည်းအဝေးပွဲအတွင်း စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကား ပြောဖြစ်မယ် မပြောဖြစ်ဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

သမ္မတ အိုဘားမား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရ

09 October 2009. VOA NEWS.၂၀၀၉ ခုနှစ်ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဘားရက် အိုဘားမား ရရှိခဲ့ပါတယ်။ အော်စလိုအခြေစိုက် နော်ဝေနိုင်ငံနိုဘယ်လ် ကော်မတီကနေ သမ္မတ အိုဘားမားကို "လူထုအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ခိုင်မြဲတဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးတွေမှာ သူ့ရဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုတွေအတွက်" အခုလို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားအနေနဲ့လည်း သူ ဒီဆုကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူမိတဲ့အကြောင်း အိမ်ဖြူတော်အရာရှိတွေက ပြောဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးအတွက် သာယာတဲ့အနာဂတ်ကို ပေးနိုင်မယ့် မျှော်လင့်ချက်တွေ၊ နျူကလီးယား ကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်လာဖို့အတွက် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့လည်း ကော်မတီက ပြောဆိုခဲ့ပါတယ်။ "သမ္မတအိုဘားမား ဦးဆောင်မှုအောက်မှာ အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာတောင် အပြန်အလှန် စေ့စပ်ဆွေးနွေးရေး လမ်းစဉ်ကိုသာ ကျင့်သုံးခဲ့တယ် လို့လည်း ဒီဆုကို ကြေညာစဉ်မှာ နိုဘယ်လ်ကော်မတီက ပြောဆိုခဲ့ပါသေးတယ်။

အမေရိကန်သမ္မတဟာ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သလို - သူ့ရဲ့ ပြည်သူတွေကိုလည်း ကောင်းမွန်တဲ့ အနာဂတ်တခု အတွက် မျှော်လင့်ချက်တွေ ပေးအပ်ခဲ့တယ်လို့လည်း ကော်မတီက ထပ်ဖြည့်ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးမှာ ကြီးမားတဲ့ ရာသီဥတု အပြောင်း အလဲတွေနဲ့ ယနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတာကို ဖြေရှင်းရေးမှာလည်း အမေရိကန်ပြည်ထောင်စုဟာ ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍကနေ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို သမ္မတ အိုဘားမားရဲ့ စွမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့လည်း နိုဘယ်လ်ကော်မတီ က ပြောဆိုသွားခဲ့ပါတယ်။

Friday, October 9, 2009

မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေဖို့ သင့်-မသင့်ပြင်သစ်ဝန်ကြီိးတင်ပြ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော ဥရောပသမဂ္ဂ အစည်းအဝေးသို့ စက်တင်ဘာ ၁၅ ရက်နေ့က တက်ရောက်လာသည့် ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီး ဘားနတ်ဒ်ကူးခ်ျနာကို တွေ့မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP).

2009-10-08. RFA NEWS. စီးပွားရေးဒဏ်ခတ်မှုတွေဟာ ထိရောက်မှုမရှိတဲ့အတွက် မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ စဉ်းစား သင့်ပြီး ထင်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကူးခ်ျနာက ပြင်သစ်ပါလီမန်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မရှင်ကို ပြောကြား လိုက်ပါတယ်။ စစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ဘာမှထူးခြား ထိရောက်မှု ဖြစ်မလာဘူးဆိုတာ အများသိရှိလာပြီးဖြစ်လို့ အဲဒီ စစ်အစိုးရနဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့ သင့်ပြီးလို့ ယူဆကြောင်း သူက ပြောပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံကလည်း မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ပြီး တိုက်ရိုက်တွေ့ဆုံဆွေးနွေးတဲ့ နည်းဗျူဟာအသစ်ကို စဉ်းစား လုပ်ဆောင်နေ ပြီးဖြစ်တဲ့အတွက် ပြင်သနိုင်ငံအနေနဲ့ပါဝင်ဆောင်ရွက်ရင် အကျိုးပိုရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပေါ် နေအိမ်အကျယ်ချုပ်သက်တမ်း ၁၈ လ တိုးမြင့် ချမှတ်ပြီးနောက် ပြင်သစ်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂ က မြန်မာစစ်အစိုးအပေါ် အရေးယူပိတ်ဆို့မတွေ ထပ်မံ တိုးမြှင့်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဗုဒ္ဓဘာသာက ထုတ်ပယ်


08 October 2009. VOA NEWS. ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ မြန်မာစစ်အစိုးရက သံဃာတော်တွေကိုဖိနှိပ် ရက်စက်မှု တွေလုပ်ခဲ့တာနဲ့ ပါတ်သက်ပြီး ပြန်တောင်းပန်ဖို့ သံဃာ့တပ်ပေါင်းစုအဖွဲ့ က တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာမှ တုန့်ပြန်မလာ တဲ့အတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ မိသားစုကို ဗုဒ္ဓဘာသာကနေ ထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုလည်း သာသနာကို ဖျက်စီးနေတဲ့ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစုအဖွဲ့ က သတ်မှတ် လိုက်တဲ့အကြောင်း စက်တင်ဘာလ (၅) ရက် နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရေပိုင်နက် အငြင်းပွားမှု ကုလ ကြားဝင်ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို


09 October 2009. VOA NEWS.
ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား မပြီးပြတ်နိုင်သေးတဲ့ ပင်လယ်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖျန်ဖြေ ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ အခုလို ကုလသမဂ္ဂကို အကူအညီ တောင်းလိုက်ရတဲ့ အကြောင်းရင်းက ဒီပြဿနာကို ဘယ်သူကမှ မဖြေရှင်းနိုင်တာ နှစ်ပါင်း ၃၅ နှစ်ကျော် ကြာလာတာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က မနေ့က သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

အခုလို လုပ်ဆောင်ရတာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်တယ်လို့ သတ်မှတ်ခြင်း ခံထားရတဲ့ ဘင်္ဂလားပင်လယ်အော် ဒေသမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်းနိုင်ဖို့အတွက် ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့တာကို ဘင်္ဂလားဒေ့ရှ် အစိုးရက မနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ကိုးကား ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရက အမေရိကန် ပိုင် Conoco Phillips နဲ့ အိုင်ယာလန်ပိုင် Tallow Oil ရေနံကုမ္ပဏီတွေ အနေနဲ့ ဘင်္ဂလားပင်လယ်အော်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွေကို လာရောက်လုပ်ကိုင်စေလိုတာ ဖြစ်ပေမဲ့ မြန်မာနဲ့ အိန္ဒိယ အစိုးရတို့ကတော့ အဲဒီဒေသတွေဟာ သူတို့ပိုင်တယ်ဆိုပြီး စောဒက တက်နေကြတာ ဖြစ်ပါတယ်။

သမ္မတအိုဘားမား အာရှခရီးစဉ် မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဖို့မရှိ

09 October 2009. VOA NEWS. နောက်လ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် APEC အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်ရောက်တဲ့အခါ မြန်မာစစ်ခေါင်းဆောင် တွေနဲ့ တွေ့ဖို့ အစီအစဉ် မရှိဘူးလို့ သမ္မတအိမ်ဖြူတော်က ပြောလိုက်ပါတယ်။

မနေ့က သတင်းထောက်တွေက မေးတဲ့အခါ အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်အထိ စင်ကာပူမှာ ကျင်းပမယ့် APEC ထိပ်သီး အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ လည်း မထင်ဘူးလို့ ပြောခဲ့တာပါ။ သမ္မတအိုဘားမားရဲ့ နောက်လ အာရှခရီးစဉ်မှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံ တို့ကို သွားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

Tuesday, October 6, 2009

မြန်မာမင်းသမီး ၀င်းမင်းသန်း



The Purple Plain ဇာတ်ကားမှ “၀င်းမင်းသန်း”၏ မြန်မာဆန်သည့်ဇာတ်ဝင်ခန်း)
အမှတ်တမဲ့ Youtube မှာတွေ့လိုက်ရတာကတော့ The Purple Plain ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါ။ မင်းသားGregory Peck-က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာတာဝန်ကျနေတဲ့ တော်ဝင် လေတပ်မတော်က ကနေဒီယန်လူမျိုး လေယာဉ်မှူး Bill Forrester အဖြစ်သရုပ်ဆောင်ထားပြီး သူနဲ့မေတ္တာမျှမိတဲ့ မြန်မာလူမျိုး ဆရာမလေး Anna-အဖြစ် မြန်မာမင်းသမီး ၀င်းမင်းသန်း က
သရုပ်ဆောင် ထားတာပါ။

Royal Air Force မှတိုက်လေယာဉ်မှုး Bill Forrester (Gregory Peck ) က သူ၏ချစ်မြတ်နိုးလှစွာသောဇနီးသည် သေဆုံးသွားတာ ကြောင့် အရူးတစ်ပိုင်း စိတ် ကယောက်ကယက်ဖြစ်နေရှာသူပါ။ဘ၀မှာ သေဖို့စိတ်ကူးနဲ့ လူတစ်ယောက်ဟာ စစ်မြေပြင်ဖြစ်တဲ့မြန်မာ ပြည်တွင်းကို သူ့လေယာဉ်ပျက်ကျပြီးနောက် ခရစ်ယာန် သူနာပြုဆရာမလေးAnna (၀င်းမင်းသန်း) နှင့်တွေ့ဆုံကြတဲ့ ပြန်လည်ရှင်သန် လာသောချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ထူးခြားတာက နိုင်ငံခြားဇာတ်ကားတစ်ကားမှာ မြန်မာဆန်ဆန် အမျိုးသမီးကို အင်္ဂလိပ်စကားလေယူလေသိမ်းကောင်းကောင်းနဲ့ သရုပ်ဆောင်ထားလို့ပါပဲ။
credit to myanmarcyber media.

Saturday, October 3, 2009

၂၀၁၆ နွေရာသီ အိုလံပစ်ပွဲတော် ကျင်းပဖို့ Rio de Janeiro ကို ရွေးချယ်


03 October 2009. VOA NEWS.
၂၀၁၆ ခုနှစ်နွေရာသီအိုလံပစ် အားကစားပွဲတော်မှာ အိမ်ရှင်လုပ်မယ့် ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနဲရိုး (Rio de Janeiro) မြို့ကို အပြည်ပြည် ဆိုင်ရာ အိုလံပစ်ကော်မတီက (IOC) ရွေးချယ်လိုက်လို့ တောင်အမေရိကန်တိုက်မှာ ပထမဆုံး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဆန်ကာတင် မြို့ကြီး လေးမြို့ဖြစ်ကြတဲ့ ချီကာဂို၊ မက်ဒရစ်၊ ရီယိုဒီ ဂျနဲရိုး နဲ့ တိုကျိုမြို့တို့အတွက် သက်ဆိုင်ရာ ခေါင်းဆောင်တွေက သောကြာနေ့ ကို ပင်ဟေဂင်မြို့မှာပြုလုပ်တဲ့ IOC စည်းဝေးပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းတင်ပြ ကြပြီးတဲ့နောက် မဲခွဲဆုံးဖြတ်လိုက်တာပါ။

ပထမတကြိမ် မဲခွဲလိုက်တဲ့အခါမှာ ချီကာဂိုမြို့ အရင်ဆုံး အရေးနိမ့်သွားပြီး ဒုတိယအကြိမ် မဲခွဲတဲ့အခါမှာတော့ တိုကျိုမြို့ ပြုတ်သွားပါ တယ်။ ရီယိုနဲ့ မက်ဒရစ် နှစ်မြို့ပဲ ကျန်တော့တဲ့အချိန် ဘရားဇီးနိုင်ငံသမ္မတ လူးဝစ်အင်န်ချီရို လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) က ၁၈၉၆ ခုနှစ် ခေတ်သစ်အိုလံပစ်ပွဲတော် စတင်ကျင်းပကတည်းက တောင်အမေရိကတိုက်မှာ တခါမှ မကျင်းပဖူးသေးပါဘူးလို့ ထောက်ပြသွားပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမား ကိုယ်တိုင် သူ့ရဲ့ မြို့ဖြစ်တဲ့ ချီကာဂို အတွက် သွားရောက်မဲဆွယ်ပြီးတဲ့ နောက် အရေးနိမ့်ပြီး ၀ါရှင် တန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေးကောင်စီ တောင်းဆို

03 October 2009. VOA NEWS. မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားတဲ့ အမှုအယူခံကို တရားရုံးက ပယ်ချလိုက်ချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ သူအပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ လိုချင်တဲ့အကြောင်း ပြောလိုက်ပါတယ်။ အလားတူ ဂျီနီဗာမှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကလည်း ဒေါ်အောင် ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ အချေအတင် ဆွေးနွေးမှုတွေ ကြားက ဆုံးဖြတ်ချက် တရပ်ကိုလည်း ချမှတ်လိုက်တာပါ။

အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာကို ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့အမှုကို ပြင်ဆင်ဖို့ အယူခံထားတာကို ပယ်ချလိုက်တဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့လွတ် မြောက်ရေး အတွက် ထပ်ပြီး တိုက်တွန်းလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ် ပေးဖို့ကို သူ့အနေနဲ့ မြင်လိုဆဲဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်း က ပြောဆို လိုက်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူတဦး ဖြစ်တဲ့ ဖာရင် ဟတ်ခ် (Farhan Haq) က သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်တာ ဖြစ်ပါတယ်။

Thursday, October 1, 2009

မြန်မာ့အရေးမူဝါဒ ထိရောက်မှုရှိမရှိ အမေရိကန် အထက်လွှတ်တော် ကြားနာ


30 September 2009. VOA NEWS.
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေမှာ တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်မယ်လို့ ကြေညာထားတဲ့ နေရာမှာ ဒီလို ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ အဓိက တိုက်တွန်းမှုတွေ လုပ်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb က အထက် လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီရှေ့မှောက် ကြားနာမှုတွေ လုပ်ခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွေ နဲ့ ထိရောက်မှုတွေ အပေါ် အစစ်ခံတဲ့ နေရာမှာတော့ အခု အသစ်ကျင့်သုံးဖို့ ရှိနေတဲ့ မူဝါဒသစ်ကို ဦးဆောင်သွားဖို့ ရှိတဲ့ အရှေ့အာရှနဲ့ ပစိ ဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ တက်ရောက် အစစ်ခံခဲ့ကြတဲ့ မနေ့ တုန်းက ဒီကြားနာပွဲနဲ့ ပတ်သက်လို့တော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံ ကို တင်ပြ ပေးထား ပါတယ်။
မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် အစိုးရက တိုက်ရိုက်ဆက်ဆံမှုတွေပါ လုပ်ဆောင် သွားဖို့ ဆုံးဖြတ်လိုက်တဲ့နောက် အသစ်ကျင့်သုံးသွားမယ့် မူဝါဒနဲ့ အရင်က ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကြား အကျိုး အပြစ်တွေကို အထက် လွှတ်တော်မှာ ကြားနာခဲ့ကြတာပါ။ ဒီလို ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ အမေရိကန် အစိုးရ တွင်းမှာ တိုက်တွန်းမှုတွေ လုပ်ဆောင် နေတဲ့ အထက်လွှတ်တော်အမတ် Jim Webb က ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ ဒီကြားနာ မှု အတွင်းမှာတော့ မြန်မာနိုင်ငံက လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေ လုပ်ဆောင်ဖို့ မြန်မာစစ်အစိုးရ နဲ့ ဆက်ဆံမှုတွေလုပ်ဖို့ တိုက်တွန်းမှုတွေ လုပ်နေတဲ့ အထက်လွှတ်တော်အမတ် မစ္စတာ ၀က်ဘ် ကတော့ “ဒီကြားနာမှုကို အရေးကြီးတဲ့ အချိန်အခါမှာ ကျနော်တို့ ကျင်းပနေတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတုန်းက မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေကို ပြောခဲ့သလို ပါပဲ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြုမူဆက်ဆံနေတာနဲ့ ပတ်သက်လို့ ရှုမြင် နေတာတွေ ရှိပါတယ်။ သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲ တွေဟာ နိုင်ငံတကာက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်ဖို့ က သူနဲ့ သူ့ပါတီကို ဒီလုပ်ငန်းစဉ်မှာ လွတ်လပ်ပြီး အပြည့်အ၀ ပါဝင် ခွင့်ရအောင် ကမ်းလှမ်းရပါလိမ့်မယ်။ ဒါတွေဟာလည်း သူ့ကို နေအိမ်မှာ ဖမ်းဆီးထားထာက လွှတ်မှ ဖြစ်နိုင်မယ်ဆိုတာလည်း ရှင်းပါ တယ်။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင်ငံရေးအရ တိုးတက်အောင် မလုပ်နိုင်တဲ့ အခြေအနေတွေ ရှိနေတာ မို့ စစ်အစိုးရနဲ့ အဆက်အဆံမလုပ်ဘဲ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားတာ၊ မြန်မာနိုင်ငံနဲ့ အဆင့်မြင့် သံတမန် ဆက်သွယ်မှု တွေ မလုပ်ခဲ့တာဟာ ဆို ရင်လည်း လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းကလို့ သူက ဆိုခဲ့တာပါ။ အထက်လွှတ်တော်အမတ် ၀က်ဘ် က တော့ ဒါတွေကို ပြောင်းလဲလို တာပါ။ “ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျန်ထဲ့သူတွေကို ထပ်ပြီး တိုက်တွန်းလိုတာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပိုပြီး ထိ ရောက်စေမယ့် ချဉ်းကပ်မှုမျိုးတွေ ရှာနိုင်ဖို့ ဒီကနေ့ ကြားနာပွဲကို ဂရုစိုက်နားထောင်ကြပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ မူဝါဒ တွေမှာ ထိရောက်မှုရှိစေရေး ပြန်လည်သုံးသပ်ဖို့ အခု အထက်လွှတ်တော်မှာ စိတ်ကောင်းစေတနာ ထားပြီး ဆွေးနွေးမှု အသစ်တွေ လုပ်ဆောင်နေတာတွေကိုလည်း အားပေးကြပါ။”

အထက်လွှတ်တော် အမတ် အပါအ၀င် ကြားနာပွဲမှာ ကိုယ်တိုင်တက်ရောက် အစစ်ခံခဲ့ကြသူတွေကတော့ အမေရိကန် အစိုးရ က အရင်ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ ထိရောက်မှု မရှိဘူးလို့ ဆိုကြတာပါ။ ဒီအထဲက မြန်မာ သမိုင်း ပညာရှင်တဦး
ဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦး ကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ နိုင်ငံရေး အပြောင်းအလဲ တွေ အတွက် အကောင်းထက် အဆိုးဘက် ကိုသာ ဦးတည်စေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ “ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်စေဖို့ အတွက် မထိရောက်သလို၊ အနောက် နိုင်ငံ တွေရဲ့ သြဇာသက်ရောက်မှုတွေ လျော့ကျတာ၊ အထီးကျန်ဖြစ်မှုဘက်ကို ပိုပြီးယိမ်းယိုင် သွား နိုင်တာ၊ ဈေးကွက်စီးပွားရေး ဘက်ကို ဦးတည်စေမယ့် အခြေအနေတွေကို ကန့်သတ်မှုတွေ ဖြစ်စေတာ၊ မြန်မာနိုင်ငံသား ကျွမ်းကျင် သူတွေ ပညာတတ် တွေ၊ စီမံခန့်ခွဲသူ၊ စွန့်ဦးတီထွင်သူတွေ နည်းပါးလာစေတာတွေ စတဲ့ ဆိုးကျိုးတွေကိုပဲ ဖြစ်စေပါတယ်။”

အမေရိကန်အစိုးရရဲ့ လက်ရှိပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေနဲ့ ပတ်သက်လို့ ထိရောက်မှုတွေ အားနည်းနေတယ်လို့ ဆွေးနွေးကြတဲ့ နေရာမှာတော့ ဒေသတွင်း နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေကိုလည်း ဆွေးနွေးသူတွေက ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဒီအတွက် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းတဲ့အတွက် အပြောင်းအလဲ တွေ သေချာပေါက် ဖြစ်လာနိုင်သလား ဆိုတာတော့ တိတိကျကျ ပြောနိုင်တာမျိုးတော့ မတွေ့ရပါဘူး။ အမေရိကန် အစိုးရ ကတော့ စစ်အစိုးရဘက်က အပြောင်းအလဲတွေ တကယ်တမ်း လုပ်မလုပ်ကို စောင့်ကြည့်သွားဦးမှာပါ။ အခုအချိန်အခါ မျိုး မှာ ဒါတွေကို ရုပ်သိမ်းဖို့ အချိန်မဟုတ်သေးဘူးလို့ မူဝါဒသစ်ကို လက်ရှိ ဦးဆောင်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kirt Campbell က ကြားနာမှုမှာ ဆိုခဲ့တာပါ။

တိုက်ရိုက် ဆွေးနွေးမှုတွေကတဆင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်တွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံမှုတွေ မှာ ပိုပြီးအပြုသဘော ဆက်ဆံချင်ပါတယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်လို့ကျနော်တို့ စမ်းသပ်သွားမှာပါ။ ဒါတွေဟာလည်း ခိုင်မာတဲ့ အပြောင်းအလဲတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ အမေရိကန် အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ထင်သလောက်မပေါက်ဘူး ဆိုပြီး ဆက်ဆံထိတွေ့မှုတွေပါ လုပ်ဆောင် သွားဖို့ သဘောထားပြောင်းလဲ လာပေမဲ့လို့ ဒါတွေဟာလည်း ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ တွေကိုလည်း သတိကြီးကြီးထား နေတာတွေကို တွေ့ရပါတယ်။ အခုကြားနာမှုအတွင်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှု အပါအ၀င် မြန်မာစစ်အစိုးရက ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လက်ခံနိုင်မယ့် အခြေအနေ တွေ ဟာ လတ်တလော နိုင်ငံတကာက လက်ခံနိုင်တဲ့ အခြေအနေမှာမရှိတာ၊ တခါ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ တိုးတက်အောင် ဘယ်လောက် လုပ်နိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ ထင်မြင်ချက် သဘောထားတွေကိုလည်း အစစ်ခံခဲ့ကြတာ ဖြစ်ပါတယ်။