Saturday, October 30, 2010

စက်ရုံ၊ အလုပ်ရုံကြီးများကို အန္တရာယ် ပေးလာနိုင်သော Stuxnet Worm

October 29, Friday,2010 6:30 PM
ယခုတလော Internet သတင်းများတွင် ခေတ်စားလာသော Stuxnet ဗိုင်းရပ်စ်သည် Cyber Warefare ၏ ရှေ့ပြေး Cyber Wepon ဖြစ်ကြောင်း Cyber နယ်ရှိ ကျွမ်းကျင်သူများက သတ်မှတ်ထားပြီး အထူးဂရုစိုက် စောင့်ကြည့် နေကြရပါသည်။ အင်တာနက် သတင်းများတွင် လေ့လာတွေ့ရှိချက်များအရ Stuxnet သည် စက်မှုကုန်ထုတ် လုပ်ငန်းများ၏ ထိန်းချုပ်မှုစနစ်အား ရည်ရွယ် တိုက်ခိုက်သည့် Windows စနစ်အတွက် သီးသန့်ထုတ်လုပ် ထားသော Worm အမျိုးအစား ဖြစ်ကြောင်း၊ အထူးသဖြင့် ဂျာမနီ အခြေစိုက် Siemens ၏ WinCC/PCS7 Supervisory Control And Data Acquisiton (SCADA) Software အသုံးပြုနေသော ကွန်ပျူတာ စနစ်များအား အဓိကထား တိုက်ခိုက်ကြောင်း၊ ကူးစက်ခံထားရသော USB Flash Drives များမှ တစ်ဆင့် ကွန်ရက်အတွင်း WinCC ကွန်ပျူတာများအား အလိုအလျောက်ရှာဖွေ ကူးစက်ခြင်း ဖြစ်ကြောင်း၊ Stuxnet သည် အခြားသော malware များကဲ့သို့ ငွေကြေးခိုးယူခြင်း၊ အရေးကြီး အချက်အလက်များ ခိုးယူခြင်းမျိုး မဟုတ်ဘဲ ရည်ရွယ်ထားသော ကွန်ပျူတာများသို့သာ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုး ဖြစ်ကြောင်း၊ တိုက်ခိုက်သူသို့ အင်တာနက်ဖြင့် ပြန်လည် ချိတ်ဆက်ခြင်း မရှိကြောင်း သိရှိရသည်။ Stuxnet သည် Nuclear Facilities များ၊ ရေအားလျှပ်စစ် စက်ရုံများ၊ ဘိလပ်မြေ စက်ရုံများ စသည်ဖြင့် ၄င်းတို့ ပစ်မှတ်ထားသည့် စက်ရုံကြီးများကို ထိခိုက် နှောင့်နှေးစေရန် စက်ရုံ၏ အဓိကစက် အစိတ်အပိုင်းကို ထိန်းချုပ်သော ကွန်ပျူတာ အတွင်းသို့ ၀င်ရောက်ကာ ရေပန့်၊ မော်တာ၊ အချက်ပြစနစ်နှင့် အဆို့ရှင် (Valves) ကဲ့သို့သော အရေးပါသော နေရာများကို ထိန်းချုပ် နေစေကြောင်း၊ အဓိကအားဖြင့် စက်ရုံများရှိ ဘွိုင်လာအိုးများ ပေါက်ကွဲမှု၊ ဓာတ်ငွေ့ ပိုက်လိုင်းများအား ဖျက်ဆီးမှု၊ သို့မဟုတ် နျူက-ီးယား စက်ရုံများကို ပျက်စီးစေခြင်း ဖြစ်ကြောင်း၊ စက်ရုံ အလုပ်ရုံများ၏ ထိန်းချုပ်မှု စနစ်များကို ၀င်ရောက် တိုက်ခိုက် ခံရခြင်းကြောင့် ယင်းစက်ရုံများသည် ပြိုကွဲပျက်စီး နိုင်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ Stuxnet ကူးစက် ခံထားရသော နိုင်ငံများမှာ တရုတ်၊ အီရန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သြစတြေးလျ၊ မလေးရှား၊ ဗြိတိန်တို့ ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း Siemens ၏ WinCC/ PCS7 SCADA Software နှင့် အခြား Industrial Control System အသုံးပြုသော စက်ရုံ၊ အလုပ်ရုံကြီးများ ရှိပါက Stuxnet ၀င်ရောက် ကူးစက် တိုက်ခိုက်ခံရခြင်းများ ဖြစ်ပေါ် လာနိုင်သဖြင့် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ဗိုင်းရပ်စ် ပျံ့နှံ့မှုများကို စောင့်ကြည့် စစ်ဆေးခြင်း၊ USB Flash Drives များ အသုံးပြုမှုကို ကန့်သတ် ထိန်းချုပ်ခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်

စစ်မှန်သော ရွေးကောက်ပွဲအခြေအနေ မတွေ့ကြောင်း ကုလမဟာမင်းကြီး ပြောကြား

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးသည် တောင်အာဖရိကနိုင်ငံသူ ရှေ့နေတဦးဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)နှင့် ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးများတွင် တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (Photo: AFP)

2010-10-29. RFA. News.
မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း စစ်မှန်တဲ့ ရွေးကောက်ပွဲတခုဖြစ်မဲ့ အခြေအနေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီး မစ္စစ် နာဗီ ပီလေး က အောက်တိုဘာ ၂၉ ရက် ဒီကနေ့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။ ဒီလို အခြေအနေတွေ ကောင်းမွန်ဖို့အတွက် စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းခဲ့တဲ့ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ လေ့လာတွေ့ရှိချက်တွေကို တင်ပြ ခဲ့ပါတယ်။ အဲဒီ တင်ပြချက်မှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေကို ပြန်ကြည့်ရင် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလွတ်လပ်ခွင့်တွေကို စစ်အစိုးရ အနေနဲ့ လေးစား လိုက်နာသင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီး မစ္စစ် နာဗီ ပီလေးက ပြောပါတယ်။

ဒုတိယပင်လုံညီလာခံ ဖေဖော်ဝါရီလမှာ ကျင်းပမည်

2010-10-29. RFA. News. မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့ ဝန်းကျင်မှာ ကျင်းပနိုင်ဖို့ ရည်ရွယ် ကြိုးပမ်းသွားမယ် ဆိုတဲ့အကြောင်း ဦးဆောင် ပါဝင်သူ တဦးဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောကြားပါတယ်။ နေရာကိုတော့ ရှမ်းပြည်နယ် ပင်လုံမြို့မှာပဲ လုပ်ဖြစ်မလား၊ တခြား တိုင်းရင်းသားဒေသ ဒါမှမဟုတ် ပြည်မ တနေရာမှာပဲ လုပ်ဖြစ်မလား ဆိုတာတော့ လောလောဆယ် တပ်အပ် မပြောနိုင်သေးကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကလေးမြို့ ကြေညာစာတမ်း ထုတ်ပြန်ရာမှာ ဦးဆောင်ပါဝင် လက်မှတ် ရေးထိုးခဲ့သူ တဦးဖြစ်တဲ့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2010-10-29. RFA NEWS.
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် လုပ်ဆောင်ဖို့ အချိန် မနှောင်းသေးကြောင်းနဲ့ မြန်မာအာဏာပိုင် တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် လမ်းဖွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အခုအချိန်ဟာ မြန်မာအာဏာပိုင် တွေအတွက် အပြောင်းအလဲတခုကို အမှန်တကယ် လိုလားပါတယ် ဆိုတဲ့ အချက်ကို ပြသဖို့ အခွင့်အခါကောင်း ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲအပြီး ကာလဟာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းကြောင်းလည်း သူက ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ အရေးကိစ္စဟာ အာဆီယံဒေသတွင်း ပိုမို ပေါင်းစည်းရေး ကြိုးပမ်းမှုတွေအပေါ် အများကြီး ဂယက်ရိုက်ခတ်လာနိုင်ကြောင်း အာဆီယံ ခေါင်းဆောင်တွေကို သတိပေး ပြောကြားခဲ့တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

Friday, October 29, 2010

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ တရုတ်တည်ဆောက်

တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာကို တည်ဆောက် လိုက်ပြီလို့ တရုတ်တို့ရဲ့ ကွန်ပြူတာ ထုတ်လုပ်ရေး စက်မှုလုပ်ငန်းက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ Tianhe-1A ဒါမှမဟုတ် Milkay Way လို့ နာမည်ပေးထားတဲ့ တရုတ် စူပါကွန်ပြူတာဟာ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တီယန်ကျင်းမြို့က အမျိုးသား စူပါကွန်ပြူတာ ဌာနမှာ ရှိနေပါတယ်။

Tianhe-1A စူပါကွန်ပြူတာဟာ အမြန်နှုန်း ၂.၅၀၇ petaflops ထိ စွမ်းဆောင်ရည် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနှုန်းဟာ တစက္ကန့်ကို တွက်ချက်မှုပေါင်း ၂,၅၀၇ ထရီလီယန် လုပ်နိုင်တဲ့နှုန်းနဲ့ ညီမျှပါတယ်။ အဲဒါကြောင့် လက်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ အဖြစ် စံချိန်တင်ထားတဲ့ ကွန်ပြူတာထက် ၁.၄ ဆ ပိုမြန်ပါတယ်။ လက်ရှိ အမြန်ဆုံး စူပါကွန်ပြူတာဟာ အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ Oak Ridge အမျိုးသား ဓာတ်ခွဲခန်းမှာရှိတဲ့ အမေရိကန် စွမ်းအင်ဌာနရဲ့ Cray XT5 “Jaguar” ဆိုတဲ့ ကွန်ပြူတာ ဖြစ်ပါတယ်။ Tianhe-1A ကွန်ပြူတာမှာ အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Nvidia နဲ့ Intel တို့က ထုတ်လုပ်တဲ့ ကွန်ပြူတာချစ်ပ်တွေကို အသုံးပြု ထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လကမှ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ အလုံး ၅၀၀ စာရင်းထဲက ထက်ဝက်လောက်ဟာ အမေရိကန်မှာ ရှိနေပါတယ်။

ဧ၀ရက်တောင်ထိပ်မှာ အင်တာနက် သုံးလို့ရပြီ

တောင်တက်သူတွေ အနေနဲ့ မကြာခင်မှာဘဲ ဧ၀ရက် တောင်ပေါ်ကနေ Tweeter လူမှုကွန်ယက် စာမျက်နှာပေါ် ကတဆင့် ဆက်သွယ် စကားပြော နိုင်တော့မယ်လို့ သိရပါတယ်။ ပင်လယ်ေ ရမျက်နှာပြင် အထက် ပေ ၁၅,၀၀၀ ကျော် အမြင့်မှာရှိတဲ့ ဧ၀ရက် တောင်ခြေစခန်းနဲ့ အနီးတ၀ိုက်ကို Scandinavian telecom company တခုဖြစ်တဲ့ TeliaSornera နဲ့ နီပေါ အခြေစိုက် Nepal Ncell တို့က ကြာသပတေးနေ့က 3G mobile phone ဆက်သွယ်ရေး စနစ်ကို ပထမဆုံးအကြိမ် အဖြစ် ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဧ၀ရက် တောင်ထိပ်ကိုတော့ mobile ဆက်သွယ် အချက်ပြမှု မရောက်သေးဘူးလို့ သိရပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်ထိပ်ကို နှစ်စဉ် တက်ရောက်နေကြတဲ့ ထောင်ပေါင်းများစွာသော တောင်တက်သမားတွေကို ဒီဆက်သွယ်ရေး စနစ်က ကူညီနိုင်မှာ ဖြစ်ပါတယ်။ အခုထက်ထိတော့ တောင်တက်သမားတွေဟာ တန်ဖိုးကြီး ဂြိုဟ်တု ဆက်သွယ်ရေး ဖုန်းတွေကို အသုံးပြုနေရဆဲ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 28 အောက်တိုဘာ 2010.

မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။ BOA.NEWS. 29-10-2010.

မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ အခြေအနေတွေ မရှိတဲ့အပြင် ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့ နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမယ်လို့ မျှော်လင့်ထားတဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ အာရှ၊ ပစိဖိတ်ဒေသကို သွားရောက်မယ့် ခရီးစဉ် အစအဖြစ် ဟာဝိုင်အီကျွန်းမှာ ကြာသပတေးနေ့က မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အင်မတန်မှကို အပြစ်အနာအဆာတွေ များလှတဲ့ ရွေးကောက်ပွဲ တခုကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမတို့ သိနားလည် ထားတာကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ ဆိုတာထက် ပိုတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေ၊ အသစ်ရော အဟောင်းတွေကိုရော ကျမတို့ ရှင်းရှင်း လင်းလင်း ပြောချင်တာ ကတော့ အရင်က မူဝါဒတွေကနေ လမ်းခွဲထွက်ရမယ် ဆိုတာပါပဲ။”

Tuesday, October 26, 2010

ရတနာပုံနည်းပညာမြို့သစ်ရှိ ရတနာပုံတယ်လီပို့ အဆောက်အအုံကို နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) အဖြစ် ပြောင်းလဲဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာ မြို့သစ်ရှိ ရတနာပုံတယ်လီပို့ အဆောက်အအုံကို အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) အဖြစ် ပြောင်းလဲ ဖွင့်လှစ်လိုက်ကြောင်း သိရှိရပါ သည်။ ''ရတနာပုံ တယ်လီပို့ အဆောက်အအုံကို အောက်တိုဘာလ ၁၇ ရက်နေ့ကနေ စပြီးတော့ နည်းပညာ တက္ကသိုလ် အဖြစ် ပြောင်းလဲ ဖွင့်လှစ်လိုက်ပါတယ်။ ဒီတက္ကသိုလ်ကနေ ရိုးရိုးဘွဲ့တွေ၊ မဟာဘွဲ့တွေအပြင် ပါရဂူဘွဲ့တွေအထိ ပေးအပ်သွားမှာ ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ရမှတ် (၃၅၀)နဲ့ အထက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်ပါတယ် လျှောက်ထားတဲ့ ကျောင်းသား တိုင်းကို ၀င်ခွင့်ဖြေဆိုမှုတွေ၊ လူတွေ့စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ လက်ခံသွားမှာပါ။ ၀င်ခွင့်စာမေးပွဲမှာ အင်္ဂလိပ်စာနဲ့ သင်္ချာ အရည်အချင်းကို စစ်ဆေးသွားမှာပါ။ လျှောက်လွှာ ဖောင်ပိတ်ရက် ကတော့ အောက်တိုဘာလ ၃၀ ရက်နေ့ပါ''ဟု အဆိုပါ နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် ICT နည်းပညာရပ်များ၊ အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး နည်းပညာရပ်များ၊ တိကျစက်ပစ္စည်း ထုတ်လုပ်ရေး ပညာရပ်များနှင့် အဆင့်မြင့် ဒြပ်ပစ္စည်း ထုတ်လုပ်ရေး ပညာရပ်များကို သုတေ သန အခြေခံပြီး ပစ္စည်းအသစ်များ တီထွင်ထုတ်လုပ်နိုင်ရန် လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ွှု ပညာရှင်များ၊ ဆက်သွယ်ရေးနှင့် ခေတ်မီစက်ကိရိယာ ထိန်းချုပ် အီလက်ထရွန်းနစ် ပညာရှင်များ၊ အဆင့်မြင့် စက်ပစ္စည်း ထုတ်လုပ်မှုနှင့် အရည်အသွေး ထိန်းချုပ်မှုဆိုင်ရာ ပညာရှင်များ၊ အဆင့်မြင့် ဒြပ်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် အရည်အသွေး မြှင့်တင်ရေး နည်းပညာရှင်များ၊ နာနိုနည်းပညာသုံး ပစ္စည်းများ ထုတ်လုပ်ရေးဆိုင်ရာ ပညာရှင်များကို မွေးထုတ် ပေးနိုင်တော့မည် ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး အောင်မြင်သူများကို Bachelor of Engineering(B.E) ဘွဲ့ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
@Eleven Media Group

ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်

2010-10-25. RFA. NEWS. အောက်တိုဘာ ၂၄ ရက် မနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ NLD ပါတီ က ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်သူ သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီဆုကို ဦးဝင်းတင်ကိုယ်စား ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်တဲ့ NLD ပါတီဝင်တွေက လက်ခံယူခဲ့ပါတယ်။

ဒီဆုချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလိုပြောပါတယ်။ “ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ဒီခေတ်ဒီချိန်မှာ ကျွန်တော်တို့ အခြေခံဥပဒေလည်း ကျွန်တော်တို့ ပြည်သူလူထုအတွက် ဘာမှ အကြောင်းထူးမှာ မဟုတ်ဖူး။ ဒါ စစ်အာဏာရှင်စနစ်ကို တည်မြဲဖို့ပဲ ဖြစ်တယ်။ အခု ရွေးကောက်ပွဲ ဆိုတာလည်းပဲ အဲဒီ အခြေခံဥပဒေကို အတည်ပြုဖို့ ဖြစ်နေတော့ အကြောင်းထူးမှာ မဟုတ်ဖူး။ တကယ် အကြောင်းထူးဖို့ လိုတာက အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဖို့က အရေးအကြီးဆုံးပဲ။ အဲဒီမှာ အဓိက ကျွန်တော်တို့ အားကိုးအားထားရတဲ့ လူတွေက ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ ပြည်သူလူထုကို စည်းရုံးနိုင်တယ် ဆိုပြီးတော့ အဲဒီ အမြင်နဲ့ သူ့ကို ဒီဆုကို အပ်နှင်းတာပါ။”

ဇိုမီးအမျိုးသား ကွန်ဂရက်အနေနဲ့ အလားတူဆုကို NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦိးကိုလည်း ချီးမြှင့်ခဲ့ဘူးပါတယ်။ ဦးတင်ဦး နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ အချိန်က ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့များက ကြိုဆိုပွဲ လုပ်ခဲ့ကြောင်း၊ အဲဒီနေ့က ချင်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်တာကြောင့် ဦးတင်ဦးကိုလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဇိုမီး အမျိုးသား ကွန်ဂရက်က ပထမဆုံး ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး လက်မှတ်ထိုးသူ ၅၀ ကျော်ပြီ

2010-10-25. RFA.NEWS. တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဒုတိယအကြိမ် ပင်လုံ ညီလာခံ ခေါ်ယူရေးအတွက် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ကလေးမြို့က ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ၊ လူငယ် ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို ပါဝင် လက်မှတ် ရေးထိုးသူပေါင်း ၅၀ ကျော်နေပြီ ဖြစ်ပြီး ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ တိုင်းရင်းသား တွေလည်း ပါဝင်လာဖို့ ရှိကြောင်း သိရပါတယ်။

Monday, October 25, 2010

ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ NLD နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြေညာ

2010-10-24. RFA NEW. ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ် မြောက် အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံ ခေါ်ယူဖို့ လိုအပ်ကြောင်း လက်မှတ်ရေးထိုး ကြေညာလိုက် ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေး အပြောင်းအလဲ ဖြစ်လာနိုင်မည် မဟုတ်သည့်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရန် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့်။ အဲဒီ ကြေညာချက်ကို ဦးဝင်းတင်၊ ဦးတင်ဦး စတဲ့ NLD ခေါင်းဆောင်တွေ၊ ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ စောဟာရီ၊ စိုင်းရွှေကြူး စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ သခင်သိန်းမောင်၊ ဦညွန့်သိန်း စတဲ့ ၀ါရင့် နိုင်ငံရေးသမားများ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် အမြောက်အမြားက လက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။

Sunday, October 17, 2010

ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ဝေဖန်

2010-10-16. RFA. News.
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးဖို့ စစ်အစိုးရက ငြင်းဆိုနေတာကို သူ့အနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ပြောဆိုပါတယ်။
စစ်အစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက် တွေဟာ နှေးကွေး နေတဲ့အပြင် ပြည့်စုံမှု မရှိဘူး လို့လည်း ဝေဖန် လိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အထူး ကိုယ်စားလှယ် Mr. Vijay Nambiar ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို စစ်အစိုးရက ငြင်းပယ်ထားပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပျက်ကွက် နေတာကိုလည်း အလွန်ပဲ စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

မန္တလေးထောင်က အကျဉ်းသား ၅ ထောင်ကျော် သီတဂူဆရာတော်ကြီး အလှူပေး

2010-10-16. RFA. မန္တလေးထောင်ကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: RFA)
မန္တလေးတောင်ခြေ အိုးဘို အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၅ ထောင့် ၅ ရာ နီးပါးကို သီတဂူ ဆရာတော် ဦးဥာဏိဿရ ဦးဆောင်တဲ့ တပည့် ဒါယကာ ဒါယိကာမတွေ စုပေါင်းပြီး အစားအသောက်နဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ အလှူမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဒါယကာ တဦးက အလှူမှာ ထံပေါက်ထမင်း ကျွေးပြီး တရားပွဲလည်း လုပ်ခဲ့တယ်လို့ အာအက်ဖ်အေကို ပြောပြပါတယ်။

Tuesday, October 12, 2010

မဟာတဘောင်တော်ကြီး

မဟာတဘောင်တော်ကြီး

ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ
နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့

ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ
ရှေ့လူ နောက်တတ် နင်းလတ္တံ့

သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်
ကောင်းအောင်ညီဖို့ လိုလတ္တံ့။


မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီး လာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေး ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ အတိတ်တဘောင် တွေဆိုတာ ရံဖန်ရံခါပေါ် ထွက်တတ်သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆ ကြပါတယ်။
၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။ ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည် တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထား သူတွေကို နောက်တတ် လူကောင်းလူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ် နိမိတ်လို့ အဓိပ္မါလ်ဖွင့် ကြပါတယ်။
သီတင်းကျွတ် ကာလဆိုတာ ခြေခင်းလက်ခင်း သာပြီး ဆန်စပါး ထွက်ပေါ်ပြီး ပထ၀ီ မြေထုထံက ရွှေစုစပါးနှံ တွေသီးပွင့် ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာ လောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော် များများမှာ ရေလွှမ်းမိုး တာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ် ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့်မတဲ့ဗျား..။

အရှင်သုမန

Monday, October 11, 2010

အမဲရောင်ပုံးကလေး ပိုလေးမည်

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၄ရက်နေ့ကဂျပန်နိုင်ငံမှာ လူတော်တော်များများ စိတ်ဝင်စားတဲ့ရွေးကောက်ပွဲ တစ်ခုကိုပြုလုပ်ခဲ့ပါတယ် ...ရွေးကောက်ပွဲထက်စာရင် ရွေးချယ်ပွဲလို့ဆိုရင်ပိုမှန်လိမ့်မယ်လို့ ရွှေမြိုင်အောင်ပြောချင်ပါတယ် ...ဘာကြောင့်လဲဆိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မဲ့ရွေးကောက်ပွဲမဟုတ်ပဲ လက်ရှိအာဏာရပါတီဖြစ်တဲ့ ဂျပန်ဒီမိုကရက်တစ်ပါတီ DPJ အတွင်း ခေါင်ဆောင်ရာထူးအတွက်ရွေးချယ်မှာဖြစ်လို့ပါ .....

အရွေးချယ်ခံကြမဲ့ပုဂ္ဂိုလ် ၂ဦးကတော့ လက်ရှိဝန်ကြီးချုပ် Naoto Kan နဲ့ ယခင် ပါတီခေါင်းဆောင်ဟောင်းဖြစ်ဘူးသူ ..မကြာသေးမီကမှ အထွေထွေအတွင်းရေးမှူးရာထူးကနှုတ်ထွက်သွားတဲ့ Ichio Ozawa တို့၂ဦး ယှဉ်ပြိုင်အရွေးခံကြတာဖြစ်ပါတယ် ..လူအများစိတ်ဝင်စားရတာက ဂျပန်မှာ ၄နှစ်အတွင်း ၀န်ကြီးချုပ် ၄ဦးအပြောင်းအလဲဖြစ်ခဲ့ပြီးပြီ ..အခုဝန်ကြီးချုပ်ကလဲ ရာထုးရထားတာ ၃လထဲပဲရှိသေးတယ်..နောက် ..သူနဲ့ပြိုင်မဲ့ Ozawa ဆိုတာကလဲ ဂျပန်နိုင်ငံရေးမှာ တကယ့်ဆရာကြီး ပါတီထဲမှာလဲသြဇာကရှိနေသေးသူ ..နောက်လိုက်တပည့်ပေါင်းများစွာလဲ ကျန်နေသေးတဲ့အတွက် ....ဒီတခါမှာတော့ Ozawa ၀န်ကြီးချုပ် ဖြစ်လောက်ပြီလို့ လူအများကထင်ခဲ့ကြပါတယ် .....

Ozawa ကိုယ်တိုင်က “၀န်ကြီးချုပ်အဖြစ်နဲ့ ဂျပန်ပြည်သူပြည်သားတွေကို အလုပ်အကျွေးပြုပါရစေ..”ဆိုပြီးရွေးကောက်ပွဲ မတိုင်မီ ပြုံးပြူံးရွှင်ရွှင် နဲ့ပြောနေတယ်ဆိုတော့ သူကိုယ်တိုင်လဲ အပိုင်ပဲလို့ယူဆထားပုံရပါတယ် ..ပြည်သူတွေရဲ့သဘောထားကို မျက်ကွယ်ပြုပြီး ငါ့နောက်လိုက် တပည့်တွေက ငါ့ကိုထောက်ခံမှာပဲလို့ တွေးခဲ့တယ်ထင်ပါတယ် .....

ဒီနေရာမှာOzawa ရဲ့ရာဇ၀င်ကို အကျဉ်းလောက်ပြောပြချင်ပါတယ် ..၁၉၄၂ မေလ ၂၄ရက်နေ့မှာမွေးတဲ့ Ozawa ဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDPကနေ ၁၉၆၉ ခုနှစ်မှာလွှတ်တော်အမတ် ဖြစ်ခဲ့ပြီး ၁၉၈၀ တ၀ိုက်မှာထင်ရှားတဲ့လူငယ်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ် ..

အဲဒီလူငယ်ခေါင်းဆောင်တွေထဲကမှ Tsutomu Hata နဲ့ Ryutaro Hashimoto တို့ဟာ နောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်များအဖြစ် အသီးသီးရွေးချယ်ခံခဲ့ရတော့Ozawa လဲံ “တနေ့ငါသည် ဧကန်မုချဝန်ကြီးချုပ်များအဖြစ် ဖြစ်ရမည်လို့ ..”အဓိဌာန်ထားခဲ့မယ်လို့ထင်ပါတယ်ခင်ဗျာ .....

၁၉၈၅ မှာတော့Ozawa ဟာ ပြည်ထဲရေးဝန်ကြီးအဖြစ် သူ့ဘ၀ရဲ့ပထမဦးဆုံး ၀န်ကြီးရာထူးကိုတာဝန်ထမ်းဆောင်ခဲ့ပါတယ် ..သူ့ရဲ့အရည်အချင်းကောင်းတွေကြောင့် ၁၉၈၉ မှာ LDP ပါတီရဲ့အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ် .....

ဒါပေမဲ့ သင်္ခါရ သဘောအရ ၁၉၉၃ခုနှစ်မှာ ၃၈နှစ်ကြာ အတူလက်တွဲခဲ့တဲ့ LDP ပါတီနဲ့ လမ်းခွဲခဲ့ပါတယ်ခင်ဗျာ .....

LDP ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် Japan Renewal Party ကို Tsutomu Hata နဲ့ပူးတွဲတည်ထောင်ကာ LDP ရဲ့အင်အားစုတွေကို သူ့ရဲ့ပါတီ အသစ်ထဲရောက်အောင် ခေါ်ယူနိုင်လိုက်လို့ LDP ပါတီလဲ အထက်လွှတ်တော် မှာရှုံးခဲ့လေရောဗျာ .....

၂၀၀၃ခုနှစ်မှာတော့ Ozawa နဲ့သူရဲ့နောက်လိုက်များက ဂျပန်ဒီမိုကရက်တစ် ပါတီ DPJ နှင့်ပူးပေါင်းခဲ့ပြီး ..၂၀၀၆ ဧပြီလ ၇ ရက်နေ့မှာ Seiji Maeharaရာထူးကနေနှုတ်ထွက်သွားလို့ Ozawa ကို ပါတီရဲ့ အကြီးအကဲအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ် ...ပါတီရဲ့အကြီးအကဲဖြစ်လာပြီးနောက် ၂၀၀၇ ဇူလိုင်လ ၂၉ရက်နေ့ မှာလုပ်ခဲ့တဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ DPJ ကိုအကြီးအကျယ် အနိုင်ရအောင်ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ် .....

၂၀၀၇ နိုဝင်ဘာလ ၄ရက်နေ့မှာအဲဒီအချိန်ကအာဏာရပါတီဖြစ်တဲ့ LDP နဲ့ တရားဝင်ပူးပေါင်းဘို့တင်ပြလိုက်တဲ့အစီရင်ခံစာကိုအကြောင်းပြုလို့ Ozawa ကိုယ်တိုင် ပါတီခေါင်းဆောင်ရာထူးကနှုတ်ထွက်မယ်လို့ ထွက်စာတင်ခဲ့ပေမဲ့လဲ ပါတီခေါင်းဆောင်ပိုင်းများကခေါင်းဆောင်အဖြစ်ဆက်နေပေးဘို့ တင်ပြလာတာကြောင့် ၂၀၀၇ နိုဝင်ဘာ ၆ရက်နေ့မှာ ပါတီခေါင်းဆောင်တာဝန်ကိုပြန်ယူခဲ့ပါတယ် .....

ဒါပေမဲ့ ပါတီရံပုံငွေ အရှုပ်အရှင်းတွေကြောင့် ၂၀၀၉ခုမေလမှာ ခေါင်းဆောင်ရာထူးကဆင်းပေးရပြီး Hatoyama ပါတီခေါင်းဆောင်ဖြစ်လာကာ Ozawa ကတော့ ပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်လာပါတယ်ခင်ဗျာ.....

၂၀၀၉ သြဂုတ်လမှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ LDP ပါတီရဲ့နှစ် ၅၀ကျော် ဂျပန်နိုင်ငံရေးမှာ သံမှိုရိုက်ပြီး အာဏာကိုင်စွဲထားမှုကိုရပ်တန့်စေအောင်... DPJ ပါတီအနိုင်ရစေအောင် Ozawa ကအစွမ်းကုန်ကူညီခဲ့ပြီး Hatoyama ကိုဂျပန်ရဲ့ ၀န်ကြီးချုပ်ဖြစ်စေခဲ့လေသတည်း ပေါ့ခင်ဗျာ .....

လွမ်းစရာကောင်းသွားတာက DPJ ပါတီအာဏာရ ပြီးလူထုရဲ့ထောက်ခံမှု တဖြည်းဖြည်းကျလာတာ Hatoyama လည်းဝန်ကြီးချုပ်ရာထူးကပြုတ် ...Ozawa လဲအထွေထွေအတွင်းရေးမှူးရာထူးကပြုတ် ..အဲဒီနောက်အများသိကြတဲ့အတိုင်း Naoto Kan ၀န်ကြီးချုပ်ဖြစ်လာပါတယ် .....

ဟော ..အခုတစ်ခါ Ozawa ကနိုင်ငံရေးစင်မြင့်ပေါ်ကို “ဟဲဟဲ ..ဟဲဟဲ ..” နဲ့ပြန်တက်လာပုံကတော့“ ပြည်သူတွေကြိုက်မကြိုက် ဂရုမစိုက် ..” ဒီတခါတော့ ငါသေချာပေါက် ၀န်ကြီးချုပ်ဖြစ်တော့မယ်ဆိုတဲ့စိတ်ကူးနဲ့ပြန်တက်လာ တာပါ ..ဒီလိုဖြစ်အောင်လဲဆရာကြီးက သေသေချာချာ ကုလားဖန်ထိုးလာခဲ့တယ်လို့ထင်တယ်ခင်ဗျ ...

၂၀၁၀ ဇူလိုင်လမှာပြုလုပ်မဲ့အထက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ ..လက်ရှိအစိုးရကိုပြည်သူတွေယုံကြည်မှုမရှိတော့ ရွေးကောက်ပွဲမှာရှုံးမဲ့အရေးကိုကြောက်လို့ လူကြိုက်နဲလာတဲ့Hatoyama ရယ် ငွေကြေးအရှုပ်အရှင်းရှိတဲ့ ဆရာကြီးOzawa တို့တစ်တွေ ရာထူးတွေကအသီးသီးဆင်းပေးခဲ့ကြတယ်မဟုတ်လား ပြီးတော့ Naoto Kan ကိုဝန်ကြီးချုပ်ရာထူးတင်ခဲ့ကြတယ် ...ဒါပေမဲ့ ရွေးကောက်ပွဲမှာ ရှုံးတာကတော့ ရှုံးသွားတာပါပဲ .....

အခုတခါ ပါတီတွင်းထောက်ခံသူတွေအများကြီးရှိတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးမားနေတဲ့ Ozawa ဟာပါတီခေါင်းဆောင်ရာထူးအတွက်စက်တင်ဘာလ ၁၄ရက်နေ့က Naoto Kan နဲ့ယှဉ်ပြိုင်ခဲ့တာလဲ ရှုံးခဲ့ပါလေရောဗျာ ...အော် ..အာဏာ ..အာဏာ .....

ရွှေနိုင်ငံတော်ကြီးမှာ အထွေထွေရွေးကောက်ပွဲ ကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့မှာလုပ်မယ်လို့ ကြေငြာထားပါတယ် ...ဒါပေမဲ့မကြာမီက ပြည်နယ်နှင့်တိုင်းအချို့က မြို့နယ်အချို့မှာ ရွေးကောက်ပွဲမဲဆန္ဒနယ်မြေအဖြစ်မှဖျက်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြန်ရော ..ဒါဟာ အေးချမ်းသာယာလှပါတယ်လို့ပြောပြောနေတဲ့ ရွှေနိုင်ငံတော်ကြီးမှာ အေးချမ်းမှုမရှိတဲ့နယ်မြေတွေရှိနေသေးတယ်ဆိုတာ ကြက်ဆူ ဘုရင်ရဲ့အုပ်စုက၀န်ခံလိုက်တာ မဟုတ်လားခင်ဗျာ.....

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ထဲက သုံးဆယ်ပေါက်ကျေးရွာမှာသြဂုတ်လ ၁ရက်နေ့က အမှတ်၆၀၅ စစ်တပ်ကဗိုလ်ကြီးစစ်လင်းအောင် နဲ့အရပ်သားတွေရန်ဖြစ်တာကို တပ်ရင်းမှူးကိုယ်တိုင် ကျေးရွာထဲဝင်ပြီး ရိုက်နှက်ကန်ကျောက်ခဲ့တာတွေ ...ပဲခူးမြို့မှာ အရပ်သားလူငယ် ၂ယောက်ကို စစ်ဗိုလ်တွေနဲ့ရန်ဖြစ်လို့ဆိုပြီးစစ်တပ်ကပစ်သတ်ခဲ့တာတွေကိုကြည့်ရင် ရွှေနိုင်ငံတော်ကြီးမှာ အထွေထွေလုံခြုံမှုကင်းမဲ့နေသော အခြေအနေများဖြစ်ပေါ်နေတယ်ဆိုတာကိုမီးမောင်းထိုးပြ လိုက်ပါတယ် ...ဘ၀လုံခြုံမှုမရှိရင် ပြည်သူတွေ တိုင်းပြည်ကနေ ထွက်ပြေးကြရဦးမှာပါပဲ ....ဟုတ်တယ်ဟုတ် ...

ကြက်ဆူဘုရင်ကြီးလဲ သူ့ရဲ့အာဏာကို တရားဝင်တည်မြဲဘို့အတွက် ..သူခန့်ထားတဲ့ ၀န်ကြီးချုပ်ဆိုသူနဲ့ နောက်လိုက် စစ်ဗိုလ်တချို့ကို စစ်ဝတ်စုံတွေချွတ်...အရပ်ဝတ်တွေကိုလဲခိုင်း ...စစ်တပ်အတွင်းမှာလဲ ဖြုတ်ထုတ်တွေ..ရွှေ့ပြောင်းတွေ လုပ်ြ့ပီး ရွေးကောက်ပွဲအတွက်ပြင်ဆင်နေလေရဲ့ ...ကြက်ဆူဘုရင်ကြီးက ရွှေမြိုင်အောင်တို့ပြည်သူတွေကို “ကျွန်ုပ် ကြက်ဆူဘုရင်အနေနှင့် ..ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုလုပ်သုံးစွဲခဲ့သည်မှာ ..သားစဉ်မြေးဆက် စား၍ သုံး၍ ဖြုန်း၍` မကုန်အောင်ဖြစ်နေပါပြီ ..ထို့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲရာထူးကို ကျွန်ုပ် ၏သားစဉ်မြေးမြစ်တီတွတ် အဆက်ဆက်ကတာဝန်ယူ၍ မြန်မာပြည်သူပြည်သားတွေကို နှိပ်စက်ခြင်းဖြင့် အလုပ်အကျွေးပြုပါရစေ ..”လို့မျက်နှာပြောင်နဲ့တောင်းဆိုကောင်းတောင်းဆိုနိုင်တယ်လေ.....

ပြည်သူတွေကသူတို့ကိုနှစ်သက်ခြင်းရှိ မရှိကိုဂရုမစိုက်ပဲ ..သူတို့ တရားဝင် အာဏာတည်မြဲဘို့ရွေးကောက်ပွဲ လုပ်နေမဲ့အစား ..သူတို့ရဲ့စစ်တပ်အတွင်းမှာ“ကြက်ဆူဘုရင်ကိုကြိုက်ရင် အဖြူရောင်မဲပုံး ..မကြိုက်ရင် အမဲရောင်မဲပုံး မှာမဲထည့်ကြစမ်းဟေ့...”လို့အရင်ပြုသင့်ကြောင်းအကြံပေးချင်ပါတယ် ...

အဲဒါဆိုရင် ရွှေမြိုင်အောင် ကတော့ အမဲရောင်မဲပုံးကလေးမှာ မဲပိုများလိမ့်မယ်လို့ထင်မိကြောင်းပါ ခင်ဗျား .....

(ရွှေမြိုင်အောင်)

အောက်တိုဘာလထုတ်မိုးသောက်ကြယ်ဂျာနယ်မှကူးယူဖေါ်ပြသည်

Friday, October 8, 2010

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ်ထပ်မံပြောဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။ (Photo: AFP) RFA.News. 7.10.2010.
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြန်မာ စစ်အစိုးရကို နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေး ဖို့နဲ့ လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှု ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အားလုံး ပါဝင် နိုင်အောင် အာမခံချက် ပေးဖို့ မိမိ ဆက်လက် တိုက်တွန်း နေကြောင်း အောက်တိုဘာ ၆ ရက် မနေ့က ပြောဆို လိုက်ပါတယ်။ မိမိရဲ့အဲဒီ တိုက်တွန်းချက်ကို ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ကြောင်း မစ္စတာ ဘန်ကီးမွန်းက ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Wednesday, October 6, 2010

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ASEM ထိပ်သီးများ တောင်းဆို

အင်္ဂါ, 05 အောက်တိုဘာ 2010. VOA.NEWS.
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ်ပေးဖို့ အာရှနဲ့ ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေက မြန်မာ စစ်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ ASEM ခေါ် အာရှ၊ ဥရောပ ထိပ်သီး အစည်းအဝေး နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ခေါင်းဆောင်တွေက အခုလို တိုက်တွန်းလိုက်တာပါ။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲကို အင်အားစု အားလုံး ပါဝင်တဲ့၊ ပွင့်လင်းထင်သာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရလိမ့်မယ်လို့ သူတို့က ပြောပါတယ်။

Monday, October 4, 2010

ပါတီရပ်တည်ခွင့်အတွက် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည်


2010-10-03 RFA. NEWS. မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ လာမယ့် အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့မှာ စစ်အစိုးရကို စတင် တရား စွဲဆိုမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

ထိုင်းရောက်မြန်မာ ဒုက္ခသည်တွေ ဒေသပြန်ပိုမည်။

BBC. NEWS. 4/10/10. ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရုန်က နယူးယောက်မှာ ပြုလုပ်တဲ့ အေးရှ ဆိုဆိုင်တီ ဖိုရမ်မှာ မြန်မာ ဒုက္ခသည်တွေကို နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ပြီးလျှင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ပြောပါသည်။

မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ

VOA NEWS. တနင်္ဂနွေ, 03 အောက်တိုဘာ 2010.
အာရှနဲ့ ဥရောပနိုင်ငံများ စည်းဝေးပွဲ ASEM ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ် မြို့တော်မှာ ဒီကနေ့ တနင်္လာနေ့ စတင်ကျင်းပ တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂ ရက်ကြာ ကျင်းပမယ့် ASEM စည်းဝေးပွဲမှာ ကမ္ဘာ့စီးပွားရေးပိုင်း အုပ်ချုပ်မှု၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု တို့အပြင် လူ့အခွင့်အရေး၊ အာရှနဲ့ ဥရောပ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေးနဲ့ အကြမ်းဖက်မှု တိုက်ခိုက်မှု အန္တရာယ်တွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရ ခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး တခြား ဥရောပ ခေါင်းဆောင်တွေ၊ အာရှ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဗြိတိန်ထုတ် Guardian သတင်းစာကြီး ထဲမှာ ဖော်ပြထားပါတယ်၊ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲ စံနှုန်းတွေ တိုးတက်လာစေဖို့ မြန်မာ ကိုယ်စားလှယ်တွေ ဖိအားပေးခံ ရနိုင်တယ်လို့ ဥရောပကလာတဲ့ သတင်းတွေ မှာလည်း ဖော်ပြပါတယ်။

အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက် ကျင်းပမယ့် ASEM စည်းဝေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံနဲ့ အာရှနိုင်ငံ ၁၆ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Saturday, October 2, 2010

ပြည်တွင်းအတွက် တစ်နှစ်လျှင် ကားအစီးရေ ၁၃၉၂၀ ခန့် ထုတ်လုပ်နိုင်မည့် ကားစက်ရုံတစ်ရုံ ဖွင့်လှစ်



တစ်နှစ်လျှင် ကားအစီးရေ ၁၃၉၂၀ ထုတ်လုပ်နိုင်မည့် မော်တော်ယာဉ် စက်ရုံတစ်ရုံကို ပြည်တွင်း၌ ၂၅-၉- ၂၀၁၀ ရက်နေ့က ဖွင့်လှစ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါစက်ရုံသည် ရမ္မာ အဆင့်မြင့် မော်တော်ယာဉ် ထုတ်လုပ်ရေးဟု အမည်တွင်ပြီး ရွှေပြည်သာ စက်မှုဇုံ(၄)တွင် တည်ရှိသည်။ အဆိုပါ စက်ရုံ၏ ရှယ်ယာ ၅၀%ကို မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ပိုင်ဆိုင်ပြီး ကျန် ၅၀%ကို မြန်မာ့အားမာန် စက်မှုလက်မှု ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု ကြားသိရသည်။

ယခု စတင်လည်ပတ် နေပြီဖြစ်သော ရမ္မာ အဆင့်မြင့် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတွင် အကြံပေး ပညာရှင်များ အနေဖြင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ အကြံပေး ပညာရှင် ၁၀ ဦး၊ လုပ်သား ဦးရေ ၁၆၀ ခန့်တို့ တာဝန် ထမ်းဆောင် နေကြပြီး ထုတ်လုပ်ရရှိသော မော်တော်ယာဉ်များကို အောက်တိုဘာလ အတွင်း ဈေးကွက်သို့ စတင်ဖြန့်ချိ သွားမည်ဟု ကြားသိရသည်။

ဤစက်ရုံမှ ထုတ်လုပ်သော ကားများသည် ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကားကုမ္ပဏီ၏ နည်းပညာကို အသုံးပြု၍ တည်ဆောက် ထားခြင်း ဖြစ်ပြီး ယာဉ်ဆက်စပ် ပစ္စည်းများနှင့် အင်ဂျင်ကိုလည်း မစ်ဆူဘီရှီမှပင် တိုက်ရိုက် မှာယူ တပ်ဆင်ကြောင်း သိရသည်။ ဆလွန်း၊ ပစ်ကပ်၊ ၀က်ဂွန်၊ ခရီးသည်တင် ကားများ စသည်တို့ကို ထုတ်လုပ်သွားရန် စီစဉ်ထားပြီး အဆိုပါ စက်ရုံထုတ် ကားများ တစ်နှစ်အတွင်း စက်ပစ္စည်း တစ်စုံတစ်ရာ ချို့ယွင်း ပျက်စီးပါက အခမဲ့ ပြင်ဆင် ပေးသွားမည်ဟု အာမခံပေး ထားကြောင်း သိရှိရသည်။
@mmdaily. 10/2010.

ရတနာပုံစူပါစင်တာ အောက်တိုဘာဒုတိယပတ်တွင် MCDC သို့ အပ်နှံမည်


ရတနာပုံစူပါစင်တာတွင် Fire Fighting နှင့်ရေရရှိ ရေးအတွက် မြေအောက်တွင် ရေဂါလန် ၅ဝဝဝဝ ဆံ့ကန် ၂ ကန်နှင့် စင်တာပေါ်၌ ရေဂါလန် ၅၃ဝဝ ဆံ့ကန် ၄ ကန် ပါဝင်မည် ဖြစ်ကြောင်း၊ ယခင်က ရတနာပုံဈေး တည်ဆောက်ရာ ၌ သံတန်ချိန်ပေါင်း ၁၁ဝဝ ကျော် အသုံးပြုခဲ့သော်လည်း ယခု ရတနာပုံ စူပါစင်တာကို ပိုမိုကြံ့ခိုင် စေရန်အတွက် သံတန်ချိန်ပေါင်း ၇ဝဝဝ ကျော်အသုံးပြုတည် ဆောက်ထားကြောင်း၊ မြေငလျင် ဒဏ်ခံနိုင်ရန် အတွက်လည်း ၃ပေထုရှိ Mat Foundation ကို ထည့်သွင်း တည်ဆောက်ထား ကြောင်းသိရသည်။ ”အများပြည်သူတွေ နိုင်ငံတကာ အဆင့်မီ ရောင်းဝယ် နိုင်ကြဖို့ ရည်ရွယ်ပြီး သာမန် စင်တာတွေ ထက်ထူးခြားတဲ့ စူပါစင်တာအဖြစ် တည်ဆောက် ထားတာပါ။ မြန်မာနိုင်ငံ မှာဆိုရင် အကြီးဆုံးနဲ့ ခေတ်အမီဆုံး ဈေးကြီးလို့ သတ်မှတ် လို့ရပါတယ်။ ရတနာပုံစူပါစင်တာကို ရောက်တာနဲ့ နိုင်ငံတကာက ခေတ်မီ ကုန်တိုက်တွေကို ရောက်သွားသလို ခံစားရအောင် တည်ဆောက် ထားတာပါ။ အရင်ဈေးကြီးရဲ့ အား နည်းချက် တွေကိုကြည့်ပြီး တည်ဆောက် ထားတာကြောင့် နောက်ဆုံးပေါ် မီးဘေးကြိုတင် ကာကွယ် ငြှိမ်းသတ်ရေး ဒီဇိုင်းတွေကို နိုင်ငံတကာ အဆင့်မီ ထည့်သွင်း ထားပါတယ်။ မြန်မာပညာရှင် တွေနဲ့အတူ စင်ကာပူနဲ့ ထိုင်းအကြံပေး ဗိသုကာ ပညာရှင် တွေပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲ ပေးထားတာပါ” ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ ရတနာပုံ စူပါစင်တာသည် ယာဉ်အစီး ၃ဝဝ ရပ်နားရန်မြေ အောက်ခန်း ပါဝင်သည့် ၇ ထပ် အမြင့် သံကူကွန်ကရစ် အဆောက် အအုံဖြစ်ပြီး စက်လှေကား ၃၄ စင်း၊ ကုန်တင် ဓာတ်လှေကား ၄ စီးနှင့် လူစီးဓာတ်လှေကား ၈ စင်းပါဝင် မည်ဖြစ်သည်။
@popular - ရဲမင်းထက်- 10/2010.

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံးစတင်ရန် ထိုင်းအစိုးရ စီစဉ်နေ

ထိုင်းကုန်စည်ပို့ဆောင်ရေး အတွက် အဓိက အသုံးပြုနေရသော မလက္ကာ ရေလက်ကြားအတွင်း ရေ ကြောင်း ပိတ်ဆို့မှုများ အပြင် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့် အတွက် မြန်မာနိုင်ငံရှိ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်းကို အမြန်ဆုံး စတင်နိုင်ရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိကြောင်းသိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းစတင်ရန် ၂ဝဝ၈ ခုနှစ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေး ထိုးခဲ့သည်။ ယင်းစာချွန်လွှာအရ Italian – Thai Development ကုမ္ပဏီက ထားဝယ် ရေနက်ဆိပ်ကမ်းကို တာဝန်ယူ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို ထိုင်း စီးပွားရေး နှင့် စက်မှု လုပ်ငန်းဆိုင်ရာ ပူးတွဲကော်မတီ (JSCCIB) က Westgare Iandbridge စီမံ ကိန်းအဖြစ် သတ်မှတ်ထားပြီး PTT, Nippon Steel, Ezat နှင့် Petroleum National Behad (Petronas) ကုမ္ပဏီတို့ကလည်း ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကာ စီမံကိန်းမှာ ဘတ်ငွေ ၃၅ဝ ဘီလျံခန့် ကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။ Landbridge စီမံကိန်းကို အပိုင်း၂ ပိုင်းခွဲ၍ အကောင်အထည်ဖော် မည်ဖြစ်ကာ ပထမတစ်ပိုင်းမှာ လေးလမ်းသွား လမ်းမကြီး တစ်ခုကို လာမည့် ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဖောက်လုပ် မည်ဖြစ်ကာ ဒုတိယ တစ်ပိုင်းမှာ ရှစ်လမ်းသွား လမ်းမဖောက်လုပ်ရေးဖြစ်ပြီး နှစ်ပိုင်းစလုံးကို ၂ဝ၁၅ တွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ် ကြောင်းသိရသည်။
လက်ရှိအနေအထားတွင် ထားဝယ်မှ ကချာနာဘူရီ Phu Nam Ron မြို့သို့ ကီလိုမီတာ ၁ဝဝ အကွာအဝေး အထိ လမ်းကြောင်း ရှင်းလင်းမှုများနှင့် တိုင်းထွာမှတ်သား မှုများ ပြုလုပ်ထားပြီး ဖြစ်ကာစေ့ စပ်ညှိနှိုင်းရသော ပြဿနာများ မပေါ်ပေါက်စေရန် သစ်တောထူ ထပ်သည့်နေရာများတွင် စီမံကိန်း လုပ်ဆောင်မှုကို ရှောင်ရှား သွားမည် ဖြစ်ကြောင်းသိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပင်လယ် ဆိပ်ကမ်းများ နှင့် စက်မှုဇုန်များလည်း ပါဝင်ကာ လာမည့် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီမှ စတင်ကာ တည်ဆောက် မည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်း တစ်ခုတည်း အတွက် ကုန်ကျငွေ ဒေါ်လာ ၁ဝဝဘီလျံ ခန့်မှန်းထားကြောင်း သိရ သည်။
@Popular Myanmar မင်းထက်စံ, Ref : The Natim

မြန်မာရွေးကောက်ပွဲ ရှုတ်ချကြောင်း အမေရိကန် လွှတ်တော်မှာ မူကြမ်းတင်သွင်း

RFA.News. 01.10.2010.
ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုရဲ့ အောက်လွှတ်တော်အမတ် ၁၀ ဦးက စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း မကျတဲ့အတွက် ရှုတ်ချကန့်ကွက်တဲ့ မူကြမ်းအဆိုကို အမေရိကန် အောက်လွှတ်တော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က တင်သွင်းခဲ့ပါတယ်။