Friday, December 31, 2010

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ


ဘသန့် 30 December 2010. ဧရာဝတီ။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော တနင်္သာရီတိုင်း ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူပေါင်း ၃ သောင်းကျော် ရွှေ့ပြောင်း ပေးရဖွယ် ရှိနေသော်လည်း အာဏာပိုင် များက မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်း ပေးမည်ကို ယခုအချိန်အထိ အကြောင်း မကြားသေးပေ။ စီမံကိန်း ဆောက်လုပ်ခွင့်ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယား များအရ အဆိုပါ စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းမည်ဟု သိရသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး အထူး စီးပွားရေးဇုန် ဖြစ်လာမည်ဟု ဆိုသော ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း စတင်ရန် အစိတ်အပိုင်း အများအပြားတွင် ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း ထိုဧရိယာ အတွင်း ကျရောက် နေသော ကျေးရွာများကို မည်သည့် နေရာသို့ ရွှေ့ပြောင်းမည်၊ သိမ်းယူမည့် ဥယျာဉ် ခြံမြေများကို လျော်ကြေးငွေ မည်မျှပေးမည် စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍မူ မည်သို့သော တရားဝင် သတင်း စကားမျှ ကြားရခြင်း မရှိသေးကြောင်း ဒေသခံများက ပြောကြသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သံမဏိ စက်ရုံများ၊ ရေနံသန့်စင် ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ခန့်မှန်း ကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို လာမည့် ဇန်န၀ါရီတွင် စတင်မည်ဟု မြန်မာဆိပ်ကမ်း အာဏာပိုင်များက ပြောဆိုသော်လည်း ဒီဇင်ဘာလ ကုန်သည်အထိ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ထားဝယ် ဒေသခံများကို စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ အသိပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။

သို့သော် Italian-Thai ကုမ္ပဏီမှ တာဝန်ရှိသူ Mr. Anan ကမူ “ကျနော်တို့ ဒေသခံ ရွာသားတွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု The International Herald Tribune သတင်းစာကို ပြီးခဲ့သော နိုဝင်ဘာလက ပြောဆိုခဲ့သည်။ ဒေသခံ အများစုမှာ ပြောင်းရွှေ့ ရမည်ကို သိထားကြကြောင်း၊ မြေနေရာ ပြန်ပေးမည်ဟု အားလုံးက မျှော်လင့် နေကြကြောင်း၊ စီမံကိန်း အစပြုခါစ ပရောဂျက် များအရ ဒေသခံများမှာ လတ်တလော ပြောင်းရွှေ့ရန် မလိုအပ် သေးကြောင်း ဆိပ်ကမ်း အာဏာပိုင် အရာရှိ တဦးက ပြောသည်။ “ဒေသခံတွေ ကတော့ မိရိုးဖလာ လုပ်ငန်းတွေ ပုံမှန်ပဲ ဆက်လုပ်နေတယ်။ နှစ်တို သီးနှံတွေ စိုက်တာပေါ့။ ရော်ဘာ တို့လို နှစ်ရှည်ပင် တွေကိုတော့ တော်တော် များများက ပစ်ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ အဓိက အသက်မွေးဝမ်း ကြောင်းပြုရာ နဘုလယ် အမည်ရှိ ထားဝယ် ဆိပ်ကမ်း ဆောက်လုပ်မည့် ဒေသတွင် ယခုအခါ ယခင်ကာလများက ကဲ့သို့ တိတ်ဆိတ် မနေတော့ဘဲ စီးပွားရေး သမားများ၊ စီမံကိန်း တည်ဆောက်မည့် Italian-Thai ကုမ္ပဏီမှ ထိုင်းနိုင်ငံသား များဖြင့် စည်ကားနေသည်ဟု သိရသည်။ “ရွာထဲမှာ အရင်ကလို မဟုတ်တော့ဘူး။ အသွားအလာ အရမ်းများလာပြီ။ အိမ်လိုက်ဝယ်တဲ့ သူတွေ၊ သူဌေးတွေနဲ့ ရှုပ်နေတာပဲ” ဟု ထားဝယ်မြို့နယ် မောင်းမကန် ဒေသခံ တဦးကပြောသည်။ အဆိုပါ ဒေသခံ၏ ကျေးရွာမှာ စီမံကိန်း ဧရိယာအတွင်း ကျရောက်ခြင်း မရှိသဖြင့် ခြံကွက်များ၊ မြေကွက်များ ၀ယ်ယူရန် လာရောက် စုံစမ်းခြင်းဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်း ကျရောက် လျက်ရှိသော ကျေးရွာများတွင်မူ အရောင်းအ၀ယ် မရှိကြောင်း သိရသည်။

ထားဝယ် အိမ်ခြံမြေဈေးများသည် အဆများစွာ မြင့်တက် သွားခဲ့ပြီး အများစုမှာ ဘဏ်များ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ အများဆုံး လာရောက် စုံစမ်းကြောင်း ထားဝယ်ဒေသခံ လုပ်ငန်းရှင် တဦးက ဆိုသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အဓိက နေရာဖြစ်သော နဘုလယ် - ထားဝယ်လမ်း သည်လည်း ယခင်ကဲ့သို့ ကျောက်ကြမ်းလမ်း မဟုတ်တော့ဘဲ ၂၀၁၀ နိုဝင်ဘာလမှ စတင်၍ မြေနီလမ်းချော အဖြစ် ပြုပြင်ပြီး ဖြစ်သည်။ ထားဝယ်မြို့ပေါ်ရှိ အချက်အချာကျ လမ်းမကြီးများတွင် မျက်နှာဖွင့် တပေလျှင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အကြား ခေါ်ဈေး ရှိနေပြီး ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် ဆောက်လုပ်ရန် ကောင်းမွန်သော ၁ ဧက ကျော် ကျယ်ဝန်းသည့် ခြံမြေမှာ ကျပ် သိန်း ၁ သောင်းခွဲ အထိခေါ်ဈေး ရှိကြောင်း သိရသည်။ အဆိုပါ ဈေးနှုန်းမှာ ယခင်က တခါမှ မကြားဘူးသော ဈေးဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် ယခင်က ဈေးနှုန်းထက် ၃ ဆခန့် မြင့်တက်သွား ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။ “ကုမ္ပဏီတွေကတော့ မျက်နှာဖွင့် ကျယ်တာကို ပိုလိုချင်ကြတယ်။ ဒါကြောင့် ထားဝယ်ကနေ အဲဒီဒေသကို သွားတဲ့ လမ်းတလျှောက် ခြံတွေကို လိုက်မေးနေကြတယ်။ စီမံကိန်း ဧရိယာထဲပါတဲ့ ခြံတွေကတော့ တဧကကို သိန်း ၁၀၀ ကျော်လောက်ပဲ ခေါ်ဈေးရှိတယ်” ဟု ၎င်းကဆိုသည်။

၁၀ နှစ်စီမံကိန်းချကာ ဆောင်ရွက်မည့် ထားဝယ် ရေနက် ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း စသည်တို့ ပါဝင်သော အကြီးစား စက်မှုဇုန် (A)၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစား စက်မှုဇုန် (B)၊ အလတ်စား စက်မှုဇုန် (C) နှင့် (D)၊ အပေါ့စား စက်မှုလုပ်ငန်းများ အတွက် ဇုန် (E) နှင့် မြို့ပြအတွက် ဇုန် (F)တို့ ပါဝင်မည်ဖြစ်သည်။ ၎င်းအပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီ - ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များပါဝင်မည်ဖြစ်သည်။ ထိုအထူး စီးပွားရေးဇုန် တည်ဆောက်ရန် အတွက် သဘော တူညီချက်ကို ရွေးကောက်ပွဲ ကျင်းပရန် ၅ ရက် အလို နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနှင့်မြန်မာ အစိုးရတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူ ထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ အဆိုပါ စီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက် လာနိုင်ပုံ တို့ကို မီဒီယာ အများစုက မီးမောင်းထိုး ရေးသားကြသော်လည်း ဒေသခံများ၏ နစ်နာမှုအတွက် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကိုမူ ရေးသား ဖော်ပြခြင်းများ မတွေ့ရပေ။ “ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီ မဲဆွယ်တုန်းက ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသဘယ်လို အကျိုးဖြစ်ထွန်း လာမယ် ဆိုပြီးတော့ပဲ ပြောတယ်။ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ပေးမလဲ ဆိုတာတော့ မပြောဘူး” ဟု ထားဝယ်မြို့နယ် သစ်တိုထောက် ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။

ထိုင်းနိုင်ငံ အပါအ၀င် လူ့အခွင့်အရေးကို လေးစားသော တခြားနိုင်ငံ များတွင် ထိုကဲ့သို့ အကြီးစား စီမံကိန်းများ ချမှတ် ဆောင်ရွက်မည် ဆိုပါက ဒေသခံများ ကိုရှင်းပြ ညှိနှိုင်းကာ ရွှေ့ပြောင်း ပေးရမည့် သူများကို ထိုက်တန်သော လျော်ကြေးများ ပေးခြင်း၊ နေရာချ ထားပေးခြင်းတို့အား အလေးထား ပြုလုပ်ကြ သော်လည်း ယခုအနေ အထားတွင် ထိုကဲ့သို့သော အနေအထား မတွေ့ရ ကြောင်း ဒေသခံများ၊ ထားဝယ်မြို့ခံ ရပ်ရွာ အဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားကြသည်။ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံး နစ်နာမှုများ ရှိလာမည် ဖြစ်သကဲ့သို့ မြန်မာ့ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တလျှောက်တွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည် ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

“ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်း ကြီးကြောင့် မြိတ်ကျွန်းစုနဲ့ တနင်္သာရီ ကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးဖို့ရှိတယ်။ ပင်လယ်ရေနေ သတ္တ၀ါတွေ မျိုးသုဉ်း ပျက်စီးတဲ့အထိ မဖြစ်မနေ ကြုံရမယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။ အဆိုပါ ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်း၏ အဆိုအရ စစ်အစိုးရသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက် ရေးစီမံကိန်း အကောင် အထည်ဖော်ရန် ထိုင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုး ပြီးသည်အထိ စီမံကိန်းတွင် သဘာဝ ပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကီလိုမီတာ ၃၀၀၀ ရှည်သော မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် တနင်္သာရီတိုင်း ပင်လယ် ကမ်းရိုးတန်းသည် ကီလိုမီတာ ၁၂၀၀ ရှည်လျားကြောင်း၊ ယင်းကမ်းရိုးတန်း တလျှောက်တွင် ကြည်လင် သန့်ရှင်းသော ရေနှင့် ရေနေသတ္တ၀ါ မျိုးကွဲပေါင်း များစွာဖြင့် မပျက်စီးသေးသော သဘာဝ ပတ်ဝန်းကျင် ရှိသည့်အတွက် နိုင်ငံတကာ အဏ္ဏ၀ါသိပ္ပံ အဖွဲ့အစည်း များကြားတွင် ထင်ရှားသော ကမ်းရိုးတန်း တခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ဆိုသည်။ တနင်္သာရီ ပင်လယ် ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အကြီးအကျယ် ပျက်စီးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အဏ္ဏ၀ါ သိပ္ပံအသင်းမှ ပညာရှင် တဦးက သုံးသပ်သည်။ အငြိမ်းစား အဏ္ဏ၀ါသိပ္ပံ ပါမောက္ခ တဦးကလည်း “ဒီရေတောနဲ့ သန္တာ ကျောက်တန်းက ရေနေ သတ္တ၀ါ မျိုးစိတ်ပေါင်း မြောက်မြားစွာ အတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတွေပဲ။ ဒီရေတောနဲ့ သန္တာ ကျောက်တန်းဆိုတာ ရေသတ္တ၀ါ တွေအတွက် မွေးဖို့၊ စားဖို့၊ ရှင်သန် နေထိုင်ဖို့၊ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းဖို့ အင်မတန်မှ မရှိမဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်ပဲ။ ဒါတွေ ပျောက်ကွယ်သွားရင် ရေနေသတ္တ၀ါ တွေလည်း ရှင်သန် ရပ်တည်မှု မဖြစ်နိုင်ဘူး။ ဂေဟစနစ် ပျက်ယွင်းသွားမယ်” ဟု ပြောသည်။

တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် သန္တာ ကျောက်တန်းပေါင်း ၆၀၁ ခု တွေ့ရှိထားပြီး သုတေသန မလုပ်ရသေးသော သဘာဝ ပတ်ဝန်းကျင် များစွာကျန်ရှိ နေသေးရာ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် သန္တာ ကျောက်တန်း မျိုးစိတ် ပေါင်းများစွာ ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တောင်ပိုင်း ဆိပ်ကမ်းနှင့် မြောက်ပိုင်း ဆိပ်ကမ်းဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ် နိုင်မည် ဖြစ်ကြောင်း၊ ထိုဆိပ်ကမ်း နှစ်ခုမှ တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု စစ်အစိုးရပိုင် သတင်းစာများက ရေးသားသည်။ “သင်္ဘောတွေက စွန့်ပစ်မယ့် စက်သုံးဆီ အညစ်အကြေး ကလည်း သဘာဝ ပတ်ဝန်းကျင်အတွက် အတော်ကို ဖြေရှင်းရ ခက်မယ့် ပြသနာတရပ် ဖြစ်လာမယ်” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ ၀န်ထမ်းတဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းအပြင် စတုရန်း ကီလိုမီတာ ၂၅၀ ကျယ်ဝန်းသော စက်မှုဇုန် နယ်မြေများ ပါဝင်ပြီး မြေဧရိယာ ၂၀.၉ စတုရန်း ကီလိုမီတာရှိ အကြီးစား စက်မှုဇုန်နှစ်ခု၊ မြေဧရိယာ ၆၅.၁ စတုရန်း ကီလိုမီတာရှိ အလယ်အလတ် အကြီးစား စက်မှုဇုန်တခု ပါဝင်နေသည်။ စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ် နိုင်သော လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက် မည်ဖြစ်ပြီး ရေထုထည် ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တရက်လျှင် ရေကုဗ မီတာ ၉၇၅၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စက်ရုံ တည်ဆောက် ဖြန့်ဖြူးမည့် အစီအစဉ် များလည်း ပါရှိသည်ဟု စစ်အစိုးရက သတင်းထုတ် ပြန်ထားသည်။

“သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓာတ်အား စက်ရုံ၊ ရေပေးဝေတဲ့ စက်ရုံတွေနဲ့ စက်မှုကုန်ထုတ် စက်ရုံတွေ တော်တော်များများ ပါမယ့်အခြေ အနေရှိတော့ ထွက်လာမယ့် စွန့်ပစ်ပစ္စည်း တွေကြောင့် ပျက်စီးမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်း မလဲဆိုတဲ့ နည်းလမ်းတွေ အခုကတည်းက စဉ်းစား ထားသင့်ပြီ” ဟု FREDA ၀န်ထမ်းက ဆက်ပြောသည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည် နှင့်အမျှ တဆက်တည်း ရေရှည်တွင် ဒေသခံများ၏ ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာမည်ကို စိုးရိမ် ရကြောင်းလည်း ပညာရှင်များက ပြောကြသည်။ ထိုင်းကုမ္ပဏီနှင့် အစိုးရ အာဏာပိုင်များ အနေဖြင့် အထက်ပါ ကဲ့သို့သော ကိစ္စရပ်များ အတွက် ဒေသခံများနှင့် ဆွေးနွေးသင့် သည်ဟု ၎င်းတို့က ဆိုသည်။ ထိုင်းနိုင်ငံရှိ Map Ta Phut ကဲ့သို့သော စက်မှုဇုန် များတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ရေးရာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း မရှိသော မြန်မာနိုင်ငံကို ရေနက် ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသား ဖော်ပြကြသည်။

ရေတိုတွင် ကြုံတွေ့ရမည့် လူ့အခွင့် အရေးဆိုင်ရာ ပြဿနာ များအပြင် ရေရှည် ပြဿနာများ ဖြစ်သော ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ကိစ္စများ၊ ဖြစ်ပေါ် လာနိုင်သော လူမှုရေး၊ စီးပွားရေး အကျိုးဆက်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ လာရောက် ရှင်းပြခြင်း၊ ပညာပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ “ထိုင်းမှာတော့ ဒီလိုစက်မှု ဇုန်တွေရှိလို့ ရောဂါ အရမ်းထူတယ် လို့တော့ ပြောသံကြားတယ်။ တခြား ဘာမှတော့ မသိဘူး” ဟု နဘုလယ် ဒေသခံ တဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တချို့ကလည်း ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှု မဖြစ်မနေ လိုအပ်သည်မှာ မှန်ကန် သော်လည်း ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။ “ဒီလိုစက်မှုဇုန်တွေ လာဆောက်ရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို တွက်ချက် ပြီးတော့ စည်းမျဉ်း စည်းကမ်းတွေ တိတိကျကျ ချမှတ် ဆောင်ရွက်ဖို့ လိုကိုလိုပါတယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အခုပြောနေ ကြသလို မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လာလုပ်လို့ ရတယ်ဆိုတာ ဖြစ်သွားလိမ့်မယ်” ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် မြန်မာ ကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက် ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန် ၏သား ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြောင်း ရန်ကုန် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀န်းမှ သိရသည်။

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

တပ်မတော် ဆေးတက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်းပွဲ အခမ်းအနားတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တန်း ဗိုလ်ချုပ်များ။ (ဓာတ်ပုံ - AP)

ရန်ပိုင် 29 December 2010. ဧရာဝတီ သတင်း။
စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေး ထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။ အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက် မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြု ခန့်အပ် လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချ လာစေရန် အဓိက လှုပ်ရှားခဲ့သူ လည်း ဖြစ်သည်။ ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူး အပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည် တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ် အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ် ဖွင့်စေသည်။ ၁၉၉၆ ခုနှစ်က မြန်မာပြည် အောက်ပိုင်း ပင်လယ် ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည် တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။ ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသ တွင်လည်း စစ်တိုင်း အသစ်များကို ထပ်မံဖွင့် လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော ကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း ဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်း ဆက်သွယ်ထားသည်။

၂၀၁၀ အကောင်းဆုံး စာအုပ်စာရင်းမှာ နာဂစ်အကြောင်း စာအုပ်ပါဝင်

30-12-2010. RFA. NEWS. မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်း အကြောင်း ရေးသား ထားတဲ့ စာရေး ဆရာမ အင်မာ လာကင်ရဲ့ စာအုပ် မျက်နှာဖုံးပုံ။

၂၀၁၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ် တွေထဲမှာမြန်မာနိုင်ငံ က နာဂစ်မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း ရေးသားထားတဲ့ စာရေး ဆရာမ Emma Larkin ရဲ့ အားလုံး ကျိုးပဲ့ ပျက်စီးသွားပြီလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ Everything is Broken စာအုပ်ဟာ ထိပ်တန်း အကောင်းဆုံး ၄ အုပ်ထဲက တအုပ် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့မှာ ဒီကနေ့ ထုတ်တဲ့ ရစ်ခ်ျမွန်း (Richmond) သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာမ အင်မာလာကင်က ရေးသားတာဖြစ်ပြီး လူမှုရေးစီးပွားရေး အားလုံးပြိုကွဲ ပျက်စီးနေတဲ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ကြောင့် နောက်ထပ် အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ရတာတွေကို အသေးစိတ် ရေးသားထားပါတယ်။ ဆရာမ အင်မာလာကင်ဟာ အရင်က “ေ၈ျာ့ခ်ျအော်ဝယ်ရဲ့ ခြေရာကို မြန်မာပြည်မှာ ရှာဖွေခြင်း” စာအုပ်နဲ့ ထင်ရှားခဲ့တဲ့ စာရေးဆရာမ ဖြစ်ပါတယ်။

Monday, December 20, 2010

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဂယက် မငြိမ်သေး

၂၀၁၀ ဇူလိုင်လ ၃၁ ရက်နေ့က “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာ ကျောင်းသားများ။ (ဓာတ်ပုံ - burmatoday.net)

မင်းနိုင်သူ Saturday, 18 December 2010 15:53. ဧရာဝတီ.

အင်္ဂလန်နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းခံရသော မြန်မာသရုပ်ဆောင် ၆ ဦးထဲ၌ အစိုးရ၀ါဒဖြန့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သူများ ပါဝင်နေ ခြင်းကြောင့် အစီအစဉ် ပျက်သွားကြောင်း သတင်းရရှိသည်။ “နေတိုးနဲ့ သူထူးစံတို့ အပါအ၀င် သရုပ်ဆောင် တချို့ကို အင်္ဂလန်က ရုပ်ရှင် ကုမ္ပဏီတခုက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာ ပျက်သွားတယ်လို့ သိရပါတယ်။ နေတိုးကို အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားမှာ ပါဝင်ထားတဲ့ အတွက် ဟိုဘက်မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပြီး အခြေအနေတွေ ရှုပ်ထွေးမှာစိုးလို့ အင်္ဂလန်သံရုံးက ဗီဇာထုတ်မပေးတာလို့ သိရပါတယ်” ဟု အမည် မဖော်လိုသည့် သရုပ်ဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

ကမ်းလှမ်းခံရသည့် သရုပ်ဆောင် ၆ ဦးအနက် သူထူးစံမှလွဲ၍ နေတိုး၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနှင့် ၀ိုင်းစုခိုင်သိန်းတို့သည် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ခဲ့ ကြသူများ ဖြစ်သည်။
သူထူးစံမှာ ဗီဇာရရှိခဲ့ သော်လည်း မြန်မာနိုင်ငံ ရဲအထူး သတင်းတပ်ဖွဲ့က လန်ဒန်ရှိ မြန်မာ့အရေး လှုပ်ရှားသူများ စာရင်းကို ပြကာ ၄င်းတို့နှင့် ပတ်သက်ခြင်း မပြုရန် ဖိအားပေးခဲ့ ခြင်းကြောင့် ခရီးစဉ်ကို ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် သရုပ်ဆောင်က ဆက်လက် ပြောသည်။

သို့သော် သရုပ်ဆောင် သူထူးစံက “ကျနော်က အင်္ဂလန်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီနဲ့ တိုက်ရိုက် မသိပါဘူး။ ရန်ကုန်မှာရှိတဲ့ သူတို့ရဲ့ အေးဂျင့်ကနေတဆင့် ကျနော့်ကို ဆက်သွယ်တာပါ။ ကျနော်က ဘောလုံးအသင်း နဲ့အတူ နယ်ရောက်နေလို့ သံရုံးနဲ့ ဗီဇာကိစ္စတွေကိုလည်း သေချာ မသိသေးပါဘူး။ ဒီကိစ္စတွေအတွက် ကျနော့် ညီမလေးကပဲ ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။ နေတိုးအတွက် ဗီဇာငြင်းဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ အင်္ဂလန်သံရုံးသို့ ယမန်နေ့က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မြန်မာသရုပ်ဆောင်များ ငှားရမ်းရိုက်ကူးရေးအတွက် ဆောင်ရွက်ပေးခဲ့သော မစန္ဒီက “အင်္ဂလန်မှာရှိတဲ့ ကျမ မိတ်ဆွေက မြန်မာ သရုပ်ဆောင်တွေကို ရုပ်ရှင်ရိုက်ဖို့အတွက် ငှားရမ်းလိုတယ် ဆိုတာကြောင့် နေတိုး၊ သူထူးစံ၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနဲ့ ၀ိုင်းစုခိုင်သိန်းတို့ကို ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးခဲ့တာပါ။ အနုပညာကြေး ညှိနှိုင်းတာတွေ သူတို့ဟာသူတို့ တိုက်ရိုက် ပြောဆိုကြတာပါ။ ကျမက သူတို့နဲ့ ဆက်သွယ်ပေးရုံပါပဲ။ ကျန်တာ သူတို့ဟာသူတို့ ဆက်လုပ်ကြတာပါ” ဟု ပြောသည်။ မြန်မာ သရုပ်ဆောင်များကို ကမ်းလှမ်းခဲ့သော အင်္ဂလန်ကုမ္ပဏီမှာ ရှယ်ယာရှင် ၅ ဦးပိုင်ဆိုင်သော ကုမ္ပဏီဟုသာ သိရှိထားပြီး အဆိုပါ ကုမ္ပဏီမှ ရှယ်ယာဝင်တဦးနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကြောင့် သရုပ်ဆောင်များနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ် ပျက်ရခြင်းမှာ ဗီဇာအခက်အခဲနှင့် ၀ိုင်းစုခိုင်သိန်းကလည်း လက်ခံထားသောပွဲများကြောင့် မအားဟုဆိုကာ နောက်ဆုတ်သွားခြင်း တို့ကြောင့်ဖြစ်ကြောင်း မစန္ဒီက ဆက်လက် ပြောသည်။

တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး တပ်မှ အငြိမ်းစား ဒု ဗိုလ်မှူးကြီး တင်သန်းဦး စီစဉ်ရိုက်ကူးခဲ့သည့် အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားသည် သမိုင်းအမှန်ကို ဖျောက်ဖျက်သည့် ဇာတ်ကားတကား ဖြစ်ခြင်းကြောင့် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများကို ပြည်ပခရီးစဉ်များတွင် ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြမှုများ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်ရောက် နေတိုးနှင့် သရုပ်ဆောင်များ၊ အမေရိကန်ရောက် ၀ိုင်းစုခိုင်သိန်းနှင့် သရုပ်ဆောင်များကို ပြည်ပရောက် မြန်မာများက ကန့်ကွက် ဆန္ဒပြခဲ့ကြသေးသည်။

Friday, December 10, 2010

ခွေးအဟွာကိုဆင်ကမျှော်ပါလို့

ကြိုတင်မဲတွေ အဓမ္မမဲတွေနဲ့ ၂၀၁၀ရွေးကောက်ပွဲကြီးမှာ ကြံ့ဖွတ်ပါတီအနိုင်ဆိုတဲ့အဖြေနဲ့ပြီးခဲ့ပါပြီ ..
၂၀၁၀ရွေးကောက်ပွဲကြီးပြီးရင်ဘာဖြစ်မလဲဆိုတာတွေးကြည့်တော့ ၁၉၉၀ရွေးကောက်ပွဲကြီးနောက်ပိုင်းဖြစ်ပျက်ခဲ့တာတချို့ကိုပြန်ပြီးသတိရမိပါတယ် ...

၉၀ခုနှစ်ရွေးကောက်ပွဲမှာကြက်ဆူအုပ်စုရဲ့မှီတည်ရာ တစည ပါတီရှုံးပြီးတဲ့နောက် ဒို့တာဝန်အရေး ၃ပါးအသစ်တခုကိုဝန်ထမ်းတွေကို အတင်းအကျပ် လိုက်နာစေတော့တာပါပဲခင်ဗျ ..အဲဒီဒို့တာဝန်အရေးသုံးပါးက

(၁)(ကြက်ဆူအုပ်စုမှဘယ်သူဘုရင်ဖြစ်ဖြစ် )ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ် မင်းပြုရန်အသင့်တော်ဆုံးဖြစ်သည် ။
(၂)ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ်ရန် အရည်အချင်းမရှိသူဟုဆိုလာခဲ့သော် ..။
(၃)ဒို့တာဝန်အမှတ် ၁ကိုပြန်ဖတ်ခိုင်းလိုက်ပါ။ ..အဲဒါပါပဲခင်ဗျာ .... ရွှေမြိုင်အောင်ပေါက်တတ်ကရတွေရေးနေတယ်လို့ထင်နေတယ်...ဟုတ်ကဲ့ဆက်လက်ရှုစားတော်မူပါခင်ဗျား.....


NLD က၉၀ခုနှစ်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာနဲ့အပြတ်အသတ်အနိုင်လဲရရော ကြက်ဆူအုပ်စုဟာ အရင်ဆုံးဝန်ထမ်းတွေကို ဒုက္ခပေးပါတော့တယ်ဘယ်လိုဒုက္ခပေးသလဲသိကြပါသလားခင်ဗျာ ..

လျှောက်လွှာစာရွက်တွေမှာ သူတို့ကြိုက်တဲ့ လိုချင်တဲ့ အချက်တွေကို ရေးထားပြီး ၀န်ထမ်းတွေကို အမှန်နဲ့အမှားရွေးခိုင်းတာပါ.....
ဘယ်လိုအချက်တွေပါသလဲဆိုတော့ တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလားတို့ ..နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလားတို့လို အဆင့်နိမ့်တဲ့မေးခွန်းတွေပါ ပါတယ် ...

ကြက်ဆူအုပ်စုဖြစ်စေချင်တာက သူတို့ရဲ့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေဆိုတော့ သူတို့အကြိုက်လိုချင်တဲ့အဖြေကိုရမှာပဲ ဖြစ်တဲ့အတွက် ..၀န်ထမ်းတွေရဲ့အဖြေစာရွက်တွေကိုစုပေါင်းလို့ ..နိုင်ငံ့ဝန်ထမ်းများရဲ့ သဘောထားအမှန်ကဒီမှာပါခင်ဗျာ ဆိုပြီး NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက်ဘို့ ပထမဦးဆုံးစခဲ့တဲ့ ခြေလှမ်းပါခင်ဗျာ.....

ဒါပေမဲ့ဝန်ထမ်းတွေထဲမှာလဲအကြောင်း ကြောင်းကြောင့် အလုပ်ကထွက်ချင်ပေမဲ့ထွက်ခွင့်မရသူ ..အမှန်ကိုတင်ပြရဲသူတွေရှိတယ်ဆိုတာ ကြက်ဆူအုပ်စုသတိမမူလိုက်တာလဲရှိပါတယ် ..ရွှေမြိုင်အောင်နဲ့ ရင်းနှီးတဲ့ ၀န်ထမ်း ၂ယောက်အကြောင်းပြောပြပါ့မယ် ...

ပထမ ၁ယောက်က စက်မှု ၂ ၀န်ကြီးဌာနက အင်ဂျင်နီယာ ပါ ..နိုင်ငံခြားပညာတော်သင်အဖြစ် ၂နိုင်ငံရောက်ခဲ့ ပြီး အလုပ်မှာမပျော်ပိုက်တော့လို့ ပထမ ဆေးပင်စင်တင်ပါတယ် ..မရ ...နောက်တခါထွက်စာတင်ပါတယ် “လူကြီးမင်းကဲ့သို့ အရည်အချင်းရှိသူတစ်ယောက် နေရာမှာ အစားထိုးရန်အတွက် သင့်တော်သောသူမရှိပါသဖြင့် နှုတ်ထွက်ခွင့်မပြုနီုင်ပါ..”ဆိုပြီး ဌာနမှအကြောင်းပြန်ပါတယ် ...

အကြောင်းပြန်စာကိုကြည့်ရင် ငါလိုလူ ဤဇမ္ဗူတခွင်မရှိ ဆိုပြီး ဘ၀င်လေဟပ်စရာကောင်းသွားပါလိမ့်မယ် ..

ဒီလိုနဲ့အလုပ်ကနေထွက်ခွင့်မရပဲဆက်လုပ်နေလိုက်တာ ၉၀ခုနှစ်ရွေးကောက်ပွဲအပြီး ၀န်ထမ်းတွေကို အစောပိုင်းကပြောခဲ့သလိုမျိုးလက်မှတ်ထိုးခိုင်းတော့တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလား ဆိုတာကို “မအုပ်ချုပ်သင့်ပါ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောခဲ့သလို စစ်တန်းလျားပြန်သင့်ပါသည်။”လို့ဖြည့်ခဲ့သလို ..

နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလား ဆိုတာကို “နိုင်ငံ့ခေါင်းဆောင်အဖြစ်တင်မြှောက်သင့်ပါသည်။” လိုဖြည့်ပေးလိုက်ရော ..မကြာပါဘူး “လူကြီးမင်းကိုဆက်လက်တာဝန် ထမ်းဆောင်စေရန် မလိုအပ်တော့ပါသဖြင့် အလုပ်မှနှုတ်ထွက်ခွင့်ပြုလိုက်သည် ” ဆိုတဲ့အလုပ်ထုတ်စာကိုလက်ခံရရှိခဲ့ရတယ်တဲ့ခင်ဗျာ.....

ဒုတိယ ၁ယောက်က ဆောက်လုပ်ရေးစီမံကိန်း ကအင်ဂျင်နီယာပါ ..သူကအမှန်အတိုင်းတင်ပြရဲသူဖြစ်တဲ့အတွက် ကြက်ဆူအုပ်စုအကြိုက်မဟုတ်ပဲသူ့ဆန္ဒရှိတဲ့အတိုင်း စာရွက်ထဲမှာဖြည့်စွက်ခဲ့လို့ စီမံကိန်းမန်နေဂျာက နောက်ထပ်လျှောက်လွှာစာရွက်အသစ်တစ်စုံ ထုတ်ပေးပြီး ပြင်ခိုင်းခဲ့ပေမဲ့ သူကငြင်းပြီးမပြင်တဲ့အတွက် နောက်ဆုံးအလုပ်ကထုတ်ခြင်းကို ရဲရဲဝံ့ဝံ့ခံယူသွားခဲ့သူပါ .....

ကြက်ဆူအုပ်စုကအဲဒီလိုမျိုးဝန်ထမ်းတွေကိုအနိုင်ကျင့်သလို ပြည်သူတွေကိုလဲနောက်တမျိုးနဲ့အနိုင်ကျင့်ပြန်ပါတယ် ...အဲဒီနောက်တမျိုးကတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲ ဆန္ဒနယ်မြေတွေမှာ ပြည်သူတွေက သူတို့တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကို အယုံအကြည်မရှိတော့တဲ့အတွက် မဲဆန္ဒပြန်ရုပ်သိမ်းတဲ့ပွဲတွေ လက်မှတ်ထိုးပွဲတွေကို အတင်းအဓမ္မလုပ်ခိုင်းခဲ့ပြီး NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက် ဘို့မသမာတဲ့နည်းမျိုးကိုအသုံးပြုခဲ့ပါတယ်ခင်ဗျာ .....

ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေ ..တိုင်းရင်းသားပါတီတွေလဲ ကြံ့ဖွတ် ပါတီနဲ့ပေါင်းရင်ပေါင်း ..မပေါင်းရင်တော့ ...ဒန်တန့်ဒန်.. ကြက်ဆူအုပ်စုကလုပ်ချင်တာကို လုပ်တဲ့ဒဏ်ကို ခံစေသတည်းပေါ့ ..ကဲ ၀င်ချင်ဦးဟဲ့ရွေးကောက်ပွဲ .....

ရွေးကောက်ပွဲအပြီး တပတ်လောက်အကြာမှာ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြက်ဆူုအုပ်စုက နေအိမ်အကျယ်ချုပ်ကနေပြန်လွှတ်ပေးခဲ့ပါတယ် ..ပြည်သူတွေကလဲ အရင်ကဖြစ်ခဲ့ဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ် ကအတွေ့အကြုံ ..ဒီပဲယင်းအတွေ့အကြုံနဲ့ ..အခြားနိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ကြတယ်ခင်ဗျ.....

ကြက်ဆူဘုရင်ကြီးကနေ သူ့ရဲ့ဝန်ကြီးချုပ်တို့ ရဲချုပ်တို့ ဆီပို့တဲ့ လျှို့ဝှက်မေးလ် ဆိုတာတွေလဲပေါ်ထွက်လာခဲ့ပါတယ်...ကောင်မလေးကို အပြတ်ရှင်းလိုက်ပါဘာညာပေါ့ ..အဲဒီတော့ရွှေနိုင်ငံက ပြည်သူတွေ စိတ်တွေပူကြရပြန်ပါတယ် ..ရွှေနိုင်ငံတော်သားတွေအကြား “ရွှေပေလွှာ”ဖြန့်ကြတာကအကျင့်ပါနေကျပါခင်ဗျာ ..

၁၉၈၈ အရေးအခင်းကာလတုန်းကလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဦးအောင်ဆန်းဦး ရဲ့ပြည်သူများသို့ပန်ကြားလွှာတို့ ..အမေရိကန်မရိမ်းစစ်တပ်ကိုအကူအညီတောင်းပြီး ၀င်တိုက်မှာတို့ စတဲ့ရွှေပေလွှာတွေပျံ့ခဲ့သေးတယ်နော် ..ဒါပေမဲ့သတိဆိုတာပိုသည်မရှိပါခင်ဗျား.....

လောလောဆည်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့အသက်ရှင်မှုက ကြက်ဆူအုပ်စုအတွက်အရမ်းအရေးကြီးနေပါတယ် ..Sanction လို့ခေါ်တဲ့ စီးပွားရေးပိတ်ဆို့ထားမှုကို ပြန်ဖွင့်ပေးဘို့ကိစ္စပါ
ကြက်ဆူအုပ်စုဟာ သူတို့ရဲ့ အနောက်နိုင်ငံကဘဏ်တွေမှာအပ်ထားတဲ့ ငွေတွေထုတ်ယူလွှဲပြောင်းဘို့ ..စီးပွားရေးလုပ်ဘို့ အဲဒီ Sanction ပိတ်ဆို့မှုမရှိဘို့လိုအပ်ပါတယ် ..“ Sanction ”လုပ်တာဟာကြက်ဆူအုပ်စုရဲ့မတရားလုပ်ရပ်တွေကြောင့် လုပ်ရတာဆိုတာကို ကြက်ဆူအုပ်စုဝင်တွေကသိနေသည့်တိုင်ဝန်မခံကြပါဘူး .....

ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မကလဲပြည်သူတွေကိုချစ်ပါတယ်” ဆိုင်းဘုတ်ထောင်လိုက်တာ ကြက်ဆူအုပ်စုအကြိုက်ဖြစ်နေပါတယ် ..ပြည်သူကိုချစ်တယ်ဆိုရင်ပြည်စူတွေစားဝတ်နေရေး ကိုအကျပ်အတည်းဖြစ်စေတဲ့ စီးပွါးရေးပိတ်ဆို့ထားမှုကိုဖွင့်ပေးဘို့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကိုတိုက်တွန်းပေးဘို့ပြောပေးဘို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပါးစပ်ကို ငှားပါတော့မယ် .....

ဒေါ်အောင်ဆန်းစုကြည် က အမျိုးသားပြန်လည်သင့်မြတ်ဘို့ ..လို့ပဲခေါ်ခေါ် ရင်ကြားစေ့ဘို့လို့ပဲပြောပြော တွေ့ဆုံဆွေးနွေးရေးကိုပဲ တောက်လျောက်တောင်းဆိုလာခဲ့ပါတယ် ..NLD ရဲ့ရွှေဂုံတိုင်ကြေငြာစာတမ်းမှာလဲပါပါတယ်ခင်ဗျ ..

ဒါပေမဲ့ကြက်ဆူအုပ်စုကတွေ့ဆုံဆွေးနွေးရေးကိုလုပ်ခဲ့သလား...ဆန္ဒကောရှိရဲ့လားဆိုတာပြန်သုံးသပ်သင့်ပါပြီ....

၁၉၉၆ ရွှေနိုင်ငံရဲ့ခရီးသွားနှစ်မတိုင်မီနဲ့ ၁၉၉၇အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုမခံရသေးချိန်တုန်းက လူမြင်ကောင်းအောင် ဒေါ်အောင်ဆန်းစုကြည် ရယ် ကြက်ဆူဘုရင်ကြီးရယ် ပြုတ်သွားတဲ့ထောက်လှမ်းရေး အကြီးအကဲရယ် စုပေါင်းဓါတ်ပုံ ရိုက်ထားတဲ့ပုံကို မီဒီယာတွေထဲမှာဖေါ်ပြလို့ ..ရွှေနိုင်ငံတော်မှာ အားလုံးသင့်မြတ်နေပါပြီ ..လုပ်ခဲ့တာကလွဲလို့ ထူးခြားတဲ့ပြောင်းလဲမှုမရှိခဲ့ခင်ဗျာ.....

ရွှေမြိုင်အောင်ရဲ့စကားအသုံးအနှုန်းရိုင်းပြခဲ့မှာကိုတောင်းပန်အပ်ပါတယ် ပရိသတ်ကြီးခင်ဗျာ ..

ဆင့်အဟွာကို ခွေးကမျှော်တာက မော့ကြည့်လို့မြင်ရပါသေးတယ် ကြက်ဆူအုပ်စုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ဘို့ တွေ့ဆုံဆွေးနွေးခွင့်ရဘို့ဆိုတာက ခွေးအဟွာကို ဆင်ကမျှော်နေသလိုမျိုး ..မော့ကြည့်လို့လဲမတွေ့ ..ငုံ့ကြည့်လို့လဲမမြင် ..၀ပ်ကြည့်လို့လဲမရနဲ့ ..အချိန်တွေသာကုန် ..နှစ်တွေသာကြာသွားခဲ့ပါပြီ .....

NLD ရဲ့ရွေးကောက်ပွဲရလာဘ်ကို ကြက်ဆူအုပ်စုကနည်းမျိုးစုံသုံးပြီး ပျောက်ပျက်အောင် တရားမ၀င်အောင်လုပ်သလိုမျိုး ..တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတခုထဲမဟုတ်ပဲ ဒုတိယပင်လုံညီလာခံလိုမျိုး အခြားလမ်းကြောင်းများကိုအသုံးပြု လို့တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်သင့်ကြောင်းပါ..

ဒုတိယပင်လုံညီလာခံကိုကြိုဆိုလိုက်ပါတယ်ခင်ဗျား.....

(ရွှေမြိုင်အောင်)

ဒီဇင်ဘာလထုတ် မိုးသောက်ကြယ်ဂျာနယ်မှကူးယူဖေါ်ပြသည်