Sunday, November 28, 2010

ကုလ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ် Mr. Vijay Nambiar နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဒေါ်အောင်ဆန်း စုကြည် နေအိမ်တွင် တွေ့ဆုံစဉ်။ (Photo: AFP)

27/11/2011. RFA NEWS. မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ဒီကနေ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဗီဂျေးနမ်ဘီးယား တို့ဟာ နေ့လည် (၂) နာရီကနေ ၂ နာရီခွဲ လောက်အထိ နှစ်ဦးတည်း တွေ့ဆုံပြီး အဲဒီနောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်တွေနဲ့ပါ ဆွေးနွေးခဲ့ ကြပါတယ်။ အဲဒီနောက်မှာ CRPP နဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေပါ ပါဝင်ပြီး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်နဲ့ ဆွေးနွေးကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။ “ဆွေးနွေး ပွဲကတော့ တော်တော့်ကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြတာ တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာလို့ ကျနော်တို့ မြင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကလည်း မကြာမကြာ ပြောနေပါတယ်၊ မြန်မာနိုင်ငံ ပြဿနာဟာ ရွေးကောက်ပွဲ အကြိုတုန်းကလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ သူပြောသလို မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သူ့ရဲ့သဝဏ်လွှာမှာလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ မြန်မာနိုင်ငံ အတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် အဖြေပဲ၊ အဲဒီကစပြီး နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရမယ်လို့ ပြောထား တာဆိုတော့ အခုခရီးစဉ် ကလည်း အဲဒီအတွက် ဦးတည်တယ်လို့ ပြောချင်ပါတယ်။ အမျိုးသား ပြန်လည်သင့် မြတ်ရေး ရအောင် ကြိုးစားမယ်ဆိုတဲ့ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးရဲ့ ပိုင်းဖြတ် ထားချက်လည်း ရှိတယ်။ အဲဒီအတွက်လည်း သူက တွန်းပြီးတော့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခုလို ကျနော် တို့ကို ကူညီဆွေးနွေးဖို့၊ ကျနော်တို့ချင်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့အတွက် ကူညီဖို့ ပုဂ္ဂိုလ်တွေ ရောက်လာတာဟာ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အလားအလာလို့ ပြောချင်ပါတယ်”

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီဆွေးနွေးပွဲဟာ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့အရေး ဖြေရှင်းဖို့ ဆွေးနွေးပွဲ တကြိမ်တည်းနဲ့ မလုံလောက်ကြောင်း၊ မိမိတို့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ အခုလို တွေ့ဆုံ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို ပြောဆို တယ်လို့ AP နဲ့  Washington Post သတင်းစာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေထဲမှာ ဒု- ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့ ပါဝင်ပြီး တိုင်းရင်းသား ခေါင်းဆောင် တွေကတော့ ရခိုင်တိုင်း ရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊ မွန်တိုင်းရင်းသား ခေါင်းဆောင် ဦးနိုင်ထွန်းသိန်း၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးပူကျင် ရှင်းထန်နဲ့ ဦးထောင်ခိုထန်း တို့ ပါဝင်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်း စုကြည် စီစဉ်ပေးတာလို့ ပါဝင်တွေ့ဆုံခဲ့တဲ့ ဦးထောင်ခိုထန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လာတိုင်း လာတိုင်းမှာ နအဖ ညီလာခံတက်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့နေတာ တွေ့ရတယ်။ ဒါကြောင့်မို့ ဒီတခါတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ပေးပါအုန်းလို့ မေတ္တာရပ်ခံလို့ NLD တွေ့ပြီးတဲ့အချိန်မှာ ကျနော်တို့ကို နာရီဝက်လောက် တွေ့တာဖြစ်ပါတယ်။ ကျနော်တို့မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ အစီအစဉ်ဆိုတာ မရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် လုပ်ပေးတဲ့ သဘောပဲ ရှိတယ်”

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အထူးကိုယ်စား လှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက အခု နောက်ဆုံး ခန့်အပ်ထားတဲ့ သံအရာရှိဖြစ်ပြီး၊ ဒီခရီးစဉ်ဟာ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ သူဟာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပြီး မြန်မာနိုင်ငံမှာ (၂) ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

Wednesday, November 24, 2010

သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို

နိုဝင်ဘာလ ၂၃ ရက်နေ့က သား ဖြစ်သူကိုထိန် လင်း(ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန်နိုင်ငံ တကာလေဆိပ် မှာ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်သွား ရောက်ကြိုဆိုနေ ပုံ။ ဓါတ်ပုံ - RFA

23/11/2010. RFA NEWS. မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါနေခဲ့ရတဲ့ သူ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒီကနေ့ မနက်က ကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။ သားအမိ နှစ်ယောက် ပြန်လည်ဆုံ တွေ့ကြတဲ့ မြင်ကွင်းကို ပြည်တွင်း/ပြည်ပ သတင်းထောက် တွေကရော တာဝန်ကျ အစိုးရ လုံခြုံရေး ၀န်ထမ်း တွေကပါ ဓါတ်ပုံ ဗွီဒီယို မှတ်တမ်း ရိုက်ယူကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့တဲ့ မြင်ကွင်းကို ကြည့်ရင်း လေဆိပ်ထဲမှာရှိတဲ့ ခရီးသွားလာ သူတွေရော၊ သတင်း သမားနဲ့လုံခြုံရေးတွေပါ ၀မ်းသာကြည်နူးခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးအတွက် လိုက်ပါ ဆောင်ရွက်နေသူ တဦးက RFA ကို အခုလို ပြောပြ ပါတယ်။ "သားအမိ နှစ်ယောက် တွေ့ကြတော့ ကျနော်တို့ လည်းအရမ်းခံစား ရပါတယ်။ လေဆိပ်လာကြိုတဲ့ သူတွေရော အာလုံးဘဲ ၀မ်းသာ ကြပါတယ် သား အမိနှစ်ယောက် တွေ့ တဲ့အတွေ့ ကိုပေါ့။ အနီးပတ်ဝန်းကျင်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အရမ်းများ နေတော့လေ။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေကလည်း အားလုံး ၀ိုင်းဝန်း ကူညီပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တွေ့ချင်း သားငယ် ကိုထိန်လင်းက NLD ပါတီရဲ့ အလံပုံကို သူ့ဘယ်ဘက် လက်မောင်းမှာ ရေးထိုးထားတာကို ပြသခဲ့ကြောင်း သိရပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုထိန်လင်းဟာ မိခင် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်အတော် ကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းနေခဲ့ရပါတယ်။

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင် သမတ နှုတ်ဆက်စကားဆို

ဖိလိပိုင် သမတသစ် အဖြစ် ရွေးချယ် ခြင်း ခံရသော မစ္စတာ ဘီနစ်နို အကီနို (အလယ်) ကို မေလ၂၇ ရက်က ၎င်း၏ နေအိမ်တွင် သတင်းမီဒီ ယာများနှင့် တွေ့ဆုံစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

22/11/2010. RFA.NEWS. မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ မစ္စတာ အာကွီနိုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ကတိပေး ပြောဆိုလိုက်ကြောင်း သိရပါ တယ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာတာကို ၀မ်းမြောက်ကြောင်း တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက် သွယ် ပြောကြားစဉ်မှာ ဖိလစ်ပိုင် သမ္မတ မစ္စတာ ဘီနီနို-အာကွီနိုက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါ တယ်။ "ဖိလစ်ပိုင် သမတက ဒီနေ့ညနေ ၃ နာရီ ၄၅ မိနစ်မှာ သမတ နန်းတော် ကနေပြီးတော့ သူတိုက်ရိုက်ခေါ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးဆက် ပါတယ်။ ဖုံးဆက်ပြီးတော့ ၀မ်းမြောက်ကြောင်းပေါ့။

ပြည်ရေး တာဝန်တွေကို အောင်မြင်စွာ ဆက်လက် ထမ်းဆောင် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းကြောင်း သူပြောတယ်။" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင် သမ္မတကြီးတို့ တယ်လီဖုန်း ပြောဆို အပြီးမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး အင်ဒရူး ဟိန်းကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နေအိမ်မှာ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်-ဟိုချီမင်း လေယာဉ်လက်မှတ်ခ ကန်ဒေါ်လာ၁၁၀ဖြင့် စတင်ပျံသန်း

Sunday,21 November 2010.
ဗီယက်နမ်လေကြောင်းမှ ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်လေကြောင်းလိုင်း ခရီးစဉ်ကို နိုဝင်ဘာ၁၅ရက်မှ စတင်ပြေးဆွဲသွားမည်ဟု အဆိုပါ လေကြောင်း လိုင်းမှ သတင်းထုတ်ပြန်သည်။ ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် Airbus A320 လေယာဉ် ဖြင့် ပြေးဆွဲ သွားမည်ဖြစ်သည်။ ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်ပြေးဆွဲသည့် အသွားအပြန် လေယာဉ်လက်မှတ် တန်ဖိုးမှာ တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်လေကြောင်းလိုင်းသည် မြန်မာ့ခရီးသွား လုပ်ငန်းတိုးတက်ရေးအတွက် မြန်မာ့လေကြောင်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ပတ်လျှင် လေးကြိမ်ထိ တိုးချဲ့ပြေးဆွဲ သွားမည် ဖြစ် ကြောင်း သိရသည်။ ယခုနိုဝင်ဘာ ၁၅ရက်တွင် ပြေးဆွဲမည့် ခရီးစဉ်ကို ယင်းနေ့ညနေ ငါးနာရီခွဲတွင် စတင် ထွက်ခွာမည်ဖြစ်သည်။
@ Yatanarpon

မြန်မာ - တရုတ် မြန်နှုန်းမြင့်ရထားလမ်း ဖောက်မည်

ဧရာဝတီ Monday, 22 November 2010 17:11 သတင်းတိုများ
တနာရီလျှင် ကီလိုမီတာ ၁၇၀ မှ ၂၀၀ အထိ မောင်းနှင်နိုင်သော မြန်နှုန်းမြင့် ရထားလမ်းကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ချိတ်ဆက် တည်ဆောက်ရန် စတင် ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်နှင့် တရုတ်နိုင်ငံ ယူနန်ဒေသရှိ ကူမင်းမြို့တော်ကို ချိတ်ဆက် တည်ဆောက်မည့် အဆိုပါ ရထားလမ်းမှာ အရှည် ၁၂၉၀ ကီလိုမီတာရှိမည်ဖြစ်ပြီး ၉ နာရီကျော် မောင်းနှင်ရုံဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အာဏာရှင် များ ကို မျိုးဖြုတ်ရန် ဒီမိုကရေစီ နိုင်ငံကြီး များ စီမံကိန်း ရေးဆွဲပြီးစီး

22/11/2010. Online News FNG. မြောက်အတ္တလန်တစ် စစ်စာချုပ် အဖွဲ့ (နေတိုး) က အာဖဂန် နစ္စတန် နိုင်ငံမှ မဟာဗျူဟာမြောက် စွန့် ခွာမှုများပြုလုပ်ပြီး လျှင် ကမ္ဘာပေါ်ရှိ အခြားအန္တရာယ်ရှိ သော နိုင်ငံများ ၏ ရန်လိုမှု များ ကို စစ်ရေး အရ အရေးယူနိုင်ရန် နှင့် အာဖဂန် နစ္စတန်ကဲ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း မဟုတ်ဘဲ လျှက်တစ်ပျက် စိမ့်ဝင်ထိုးဖောက် ခြင်း (Infiltration Team )မျိုးဖြင့် အရေးပါသည့်နေရာများ ချေမှုန်းပြီးနောက် လေကြောင်းဖြင့် ထိုးစစ်ဆင် နိုင်ရန် ညှိုနှိုင်းစီစဉ် ပြီးသွားပြီဟု သိရသည်။

နေတိုး ၏ စစ်ရေး စွမ်းရေး အဆင့်မြှင့်မှု မဟာဗျူဟာ မြောက် ဆွေးနွေး ပွဲ တစ်ခု ကို ယမန်နေ့ က နေတိုးအဖွဲ့ ဝင် ၂၈ နိုင်ငံတို့  ပေါ်တူဂီ နိုင်ငံလစ္စဘွန်းမြို့တွင် သီတင်း နှစ်ပတ်ကြာ ဆွေးနွေးခဲ့ကြရာမှ ထိုရလာဒ် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဒိန်းမတ်နိုင်ငံသား နေတိုးအတွင်းရေးမှုးချုပ် Anders Fogh Rasmussen က သတင်းစာ ရှင်းလင်းပွဲ ဉ် နေတိုးအဖွဲ့ ဝင်နိုင်ငံများ ကို မဟာဗျူဟာမြောက် ဒုံး လက်နက် ကာကွယ်ရေး အစီအစဉ်အောက်မှ စီမံကိန်းတစ်ခု အဖြစ်ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်သည်။

နေတိုး အဖွဲ့ ၏ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ် တွင် ရုရှား နိုင်ငံကလည်း ကူညီမှု ပြုမည် ဟု သိရသည်။ နေတိုး အဖွဲ့ ၏ လစ္စဘွန်း တွေ့ ဆုံမှု တွင် မြန်မာ နှင့် အီရန် နိုင်ငံများ က မြောက်ကိုးရီးယားထံမှညူကလီယား နှင့် ဒုံးလက်နက် ပစ္စည်းများ ၀ယ်ယူခဲ့သည် ဆိုသည့် ကုလသမဂ္ဂ၏ ၄၅မျက်နှာ အစီရင် ခံစာ ကို လည်း ဆွေးနွေးခဲ့ကြသည်။ နေတိုး အဖွဲ့ က ထိုစီမံကိန်းမှာ ပြောင်းလဲလာသည့် အခြေအနေများ နှင့် လိုက်လျောညီထွေရှိသည့် နေတိုး အဖွဲ့ ၏ စစ်ရေးစီမံကိန်း ကဏ္ဍသစ် ဟု သတ်မှတ်ထားသည်။

Sunday, November 21, 2010

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

မြန်မာ့လွတ်လပ်ရေး အတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော် ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံ သဘောတူညီချက် ကို လက်မှတ် ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

20/11/2010. RFA. NEWS. အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက် ဆက်နိုင်ငံရေးမှာပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီးမျိုးချစ်ပုဂ္ဂိုလ် တွေကိုကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေးဆောင် ရွက်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင် အဖြစ်တာဝန် ပေးအပ်လိုက်ကြပါတယ်။

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။ ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလိုပြောပါ တယ်။ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများ ကနေပြီး ဒုတိယအကြိမ် ပင်လုံ သဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး ဒီမိုကရေစီအင်အား စုများအားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရ စေလို့ မေတ္တာရပ်ခံတယ်၊ အဲဒီလိုမေတ္တာရပ်ခံပြီး ဇိုမီးအမျိုးသားခေါင်းဆောင် ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အဖွဲ့ချုပ်အထွေထွေအတွင်း ရေးမှူးဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားတဲ့ဒီမိုကရေစီအင်အားစုများ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အဲဒီမူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်း ကိုပေးအပ်ပါတယ်။

မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည် ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင် နိုင်မှာမဟုတ်တဲ့ အတွက်အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီး တွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ် တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ ခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂၀ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။

Saturday, November 20, 2010

ကုလအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်း စုကြည်ကို နှုတ်ခွန်းဆက်


19/11/2010. အခုလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ် ကနေလွတ်မြောက် လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၈ ရက် မနေ့က ကိုယ်တိုင် တယ်လီဖုန်းဆက်ပြီး ၁၅ မိနစ်ကြာ နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတွေ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာကို သူ့အနေနဲ့ အလွန် အင်မတန်မှ လေးစားမိ တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Faran Haq က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို ဦးစားပေး အဆင့်အနေနဲ့ စစ်အစိုးရက လွှတ်ပေးဖို့ လိုတယ် ဆိုတာကို အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံး တသဘောတည်း ရှိတဲ့အကြောင်း ပြောဆိုကြပါတယ်။ ဒါဟာ မြန်မာ နိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ နိုင်ငံသား အားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ရဖို့အတွက် ဦးတည်ပါတယ် လို့ပြော ပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဘီယား မြန်မာနိုင်ငံကို စောစောလာနိုင်ဖို့ ထောက်ခံကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒေါ်အောင်ဆန်းကြည်က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ အခန်း ကဏ္ဍကို လေးစားကြောင်းနဲ့ ဆက်လက်ပြီးတော့ အလေးပေး ဆောင်ရွက် ပေးဖို့ ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Faran Haq က သတင်းထောက် တွေကို ပြောကြားသွားပါတယ်။ RFA. NEWS.

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေး

19/11/2010. RFA. NEWS. လုံခြုံရေးကောင်စီရဲ့အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံ ကဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက် ကြာတာ ပတေးနေ့က မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တရပ်ကို တံခါးပိတ် ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီး အခြေ အနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေ ဆွေးနွေး ခဲ့ကြပေမဲ့ အသေးစိတ် ပြောဆိုတဲ့ အကြောင်းအရာ တွေကိုတော့ ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

ရွေးကောက်ပွဲမှာ စစ်အစိုးရက မသမာမှုတွေ ဗြောင်ကျကျ လုပ်ခဲ့တာ၊ နိုင်ငံ တကာ သတင်းထောက်တွေ၊ စောင့်ကြည့်ရေး အဖွဲ့တွေကို ဝင်ခွင့် မပေးတာ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ရေးအရ တင်းမာလာတဲ့ အခြေအနေတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီ အနေနဲ့ စိုးရိမ်မကင်း ဖြစ်တာ တွေ့ရတယ်လို့ အဝေးရောက် ညွန့်ပေါင်း အစိုးရ NCGUB ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။ ဒါအပြင် လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ကျင်းပတဲ့ ဆွေးနွေးပွဲ မတိုင်ခင် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ တာကြောင့် ဆွေးနွေးတဲ့ အချက်တွေကို သတင်း မီဒီယာတွေကို ထုတ်မပြောပါဘူးဆိုတဲ့ သဘော တူညီချက်နဲ့ အစည်းအဝေး ကျင်းပခဲ့ရတာ ဖြစ်တယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

Friday, November 19, 2010

မြန်မာ့ရွေးကောက်ပွဲ ကုလ ရှုတ်ချ

19/NOV/2010. VOA NEWS. မြန်မာ စစ်အစိုးရက ဒီလဆန်း ကပဲ ကျင်းပ ပြီးစီးသွားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် ပြီး တရားမျှတမှု မရှိသလို ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မတီက ရှုတ်ချ လိုက်ပါ တယ်၊ လူ့အခွင့် အရေး ကော်မတီက မြန်မာနိုင်ငံ ဆိုင်ရာ အဆိုပြုချက် ကိုတော့ ကြာသပတေးနေ့ မှာပဲ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။

ဆုံးဖြတ်ချက်က မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ကြာသပတေး နေ့ကပဲ မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေ တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင် ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် ဘီဂျေး နမ်ဘီယာက မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေကို လုံခြုံရေး ကောင်စီကို တင်ပြပြီး အဖွဲ့ဝင် နိုင်ငံတွေကြား ဆွေးနွေးကြတာ ဖြစ်ပေမဲ့ အသေးစိတ် အချက်အလက် တွေတော့ တိတိကျကျ မသိရပါဘူး။

တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိနဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ လူသန်းပေါင်း များစွာအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတဲ့အတွက် လေးစားကြည်ညိုကြောင်း ပြောဆို ထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) က ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့မှာ တယ်လီဖုန်း ကတဆင့် တိုက်ရိုက်စကားပြောဆိုခဲ့ပါတယ်။ နွေးထွေးတဲ့ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက် ပြောဆိုခဲ့တယ် လို့လည်း အတွင်းရေး မှူးချုပ်ရဲ့ရုံးက ပြောပါတယ်။

အင်တာနက် လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် စာမျက်နှာများ ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ခွင့်ပြုချက်ဖြင့် Burma Campaign UK အဖွဲ့က ကိုယ်စား ဖွင့်ပေး ထားသော facebook စာမျက်နှာ တစိတ် တဒေသ ဖြစ်ပါသည်။ (facebook screenshot)

2010-11-18. RFA NEWS. နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်တရက် မှာပဲ AungSan SuuKyi (People's Voices) ဆိုတဲ့ အမည် တပ်ထားတဲ့ စာမျက်နှာ တွေဟာ အင်တာနက် face book ပေါ်မှာ အမြန်ပြန့်နှံ့ လာခဲ့ပါတယ်။ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ပထမ ဆုံးဦးဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ ပြည်သူ တွေရဲ့ ဆန္ဒ၊ အသံတွေကို နားထောင်သွားမယ်လို့ ဆိုတာကြောင့် ဒါကို ဖြည့်ဆည်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် face book ကို ဖွင့်ရ တာလို့ အဖွင့် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီပါးချင်တဲ့ စကားတွေကို လွတ်လွတ် လပ်လပ် ပြောဆိုနိုင်ပြီး ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် ဆီကို တစု တစည်းတည်း တင်ပြမှာ ဖြစ်တယ် လို့လည်း ရေးထားပါတယ်၊ RFA က facebook account ပိုင်ရှင်ကို အင်တာနက်ကနေ ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ကို ချစ်ခင် လေးစားသူ အုပ်စုတစု ဖြစ်ပြီး နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာ ပြည်သူတွေရဲ့ အသံကို ဒေါ်အောင်ဆန်းစုကြည် ဆီကို တစုတဝေးတည်း တင်နိုင်ပြဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်ရတာ ဖြစ်တယ်လို့ တုံ့ပြန်ဖြေကြား လာပါတယ်။

ဗြိတိန်အခြေစိုက် Burma Campaign UK ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဝင်တွေရဲ့ ခွင့်ပြုချက်နဲ့ ၂၀၀၇ ခုနှစ်အကုန်မှာ ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ facebook တရားဝင် ဖွင့်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီ အင်တာနက် စာမျက်နှာမှာ နိုင်ငံတကာ ကနေ ဝင်ရောက် ကြည့်ရှုသူ စုစုပေါင်း သုံးသိန်းကျော် ရှိသွားပြီလို့ အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။ Facebook ဆိုတာ လူပုဂ္ဂိုလ် တဦးချင်းစီက ကိုယ့်ရဲ့ လူမှုရေး ကွန်ရက်ကို ကိုယ်တိုင် ဖန်တီး ပြုလုပ်ပြီး အပြန်အလှန် ဆက်သွယ် ကြတာပါ။ အထူးသဖြင့် နိုင်ငံတကာ ရောက်နေတဲ့ မြန်မာလူငယ် တွေဟာ face book ကို အဓိက သုံးစွဲ လာတာကြောင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အားပေးထောက်ခံ တဲ့အသံတွေ တစု တစည်းတည်း ရဖို့ သူ့အမည်နဲ့ ဖွင့်ဖို့ အကြံဉာဏ် ရခဲ့တာဖြစ် တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ Burma Campaign UK အဖွဲ့က သူ့အမည်နဲ့ facebook ဖွင့်ပေးထား တာကို သိရှိ နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကိုပြောပါတယ်။

Wednesday, November 17, 2010

ရွေးကောက်တင်မြှောက် ခံရသူများကို ကန့်ကွက်ခြင်း

၁၇၊၁၀၊၂၀၁၀. (၂၀၁၀) ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက် ခံရ သူများကို ကန့်ကွက် လိုပါက ကန့်ကွက် နိုင်ရန် ကော်မရှင်က ပါတီများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သတင်း ရရှိပါသည်။ ရွေးကောက် တင်မြှောက် ခံရခြင်းနှင့် ပတ်သက်၍ ကန့်ကွက်လိုပါက ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ပါတီ အသီးသီးသို့ အကြောင်းကြားစာ များ ပေးပို့ ထားကြောင်း(၁၇)ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိချက်အရ သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ကျင်းပ ပြုလုပ်ခဲ့သော လွှတ်တော် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ် များ၏ စာရင်းနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ ရရှိသည့် ဆန္ဒမဲ အရေအတွက် များကို အများပြည်သူ သိရှိနိုင်ရန် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ် သတင်းစာများမှ ထည့်သွင်းဖော်ပြ ထုတ်ပြန် ကြေငြာ လျက်ရှိကြောင်း၊ လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ရွေးကောက် တင်မြှောက် ခံရခြင်းကို ကန့်ကွက် လိုလျင် ဖြစ်စေ၊ ယင်း မဲဆန္ဒ နယ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျတမှု မရှိကြောင်း အကြောင်းပြ ကန့်ကွက် လိုလျင် ဖြစ်စေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈နှင့် နည်းဥပဒေ ၈၇ တို့နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံရေးပါတီ အချို့သည် မိမိတို့ ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ရွေးကောက် တင်မြှောက် ခံရမှု မရှိခြင်းကို အကြောင်းပြု၍ ပြည်ပအသံ လွှင့်ဋ္ဌာနများ၊ သတင်းဂျာနယ် စာစောင်များ၌ ဥပဒေမဲ့ ပြောဆိုရေးသား နေကြသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ ရေးသား ပြောဆိုမှု များသည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၄ ၌ ပြဋ္ဌာန်း ထားသော ပြဋ္ဌာန်းချက် နှင့်ငြိစွန်းရာ ရောက်ကြောင်း၊ သို့ဖြစ်၍ ရွေးကောက် တင်မြှောက် ခံရသော ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်းမဲဆန္ဒ နယ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ ကန့်ကွက် လိုလျှင် ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့် အညီသာ ဆောင်ရွက်ကြရန် ဖော်ပြ အကြောင်းကြား ထားကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြချက်အရ သိရသည်။

ကန့်ကွက်လွှာ တင်သွင်းသူ တိုင်းသည် မိမိ၏ ကန့်ကွက်လွှာ နှင့်အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ် အတွက် ငွေကျပ် ၁၀ သိန်းကို ကော်မရှင်က သတ်မှတ်ပေးသည့် ငွေစာရင်း ခေါင်းစဉ်သို့ ပေးသွင်းရမည် ဖြစ်ကြောင်း ကန့်ကွက်လွှာ တစ်စောင်၌ ကန့်ကွက်သူ တစ်ဦးထက် ပို၍ ပါရှိလျင် ကန့်ကွက်သူ တစ်ဦးချင်း အလိုက် ငွေကျပ် ၁၀သိန်းစီ ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ ပေးသွင်း ထားသော အမှုစရိတ် များကို မည်သည့် အကြောင်း ကြောင့်မျှ ပြန်လည်ထုတ် ယူခွင့် မရှိစေ ရကြောင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း အခန်းတွင် ပြဌာန်း ထားချက်အရ သိရသည်။

ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၈(က)ပါ ပုဂ္ဂိုလ် တစ်ဦးဦးက ရွေးကောက် တင်မြှောက် ခံရသော လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်းမဲဆန္ဒ နယ်တွက်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက် လိုလျှင် ဖြစ်စေ ထိုမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက် ခံရသူ လွှတ်တော် ကိုယ်စားလှယ်၏ အမည်ကို နည်းဥပဒေ ၇၂(က) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲက ကြေငြာသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ကိုယ်တိုင်သော် လည်းကောင်း၊ စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ် ကသော် လည်းကောင်း ကန့်ကွက်လွှာ တင်သွင်း နိုင်ကြောင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း အခန်းတွင် ပြဌာန်း ထားချက်အရ သိရသည်။

Source:http://www.news-eleven.com Online News

Tuesday, November 16, 2010

ပါတီလုပ်ငန်းတာဝန်များ ဒေါ်အောင်ဆန်းစုကြည် စတင်ထမ်းဆောင်

နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်း စုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

15/11/2011. RFA.NWES. နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ဗဟန်း ရွှေဂုံတိုင် လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပထမဆုံးနေ့ အဖြစ် ပါတီ လုပ်ငန်းတာဝန် တွေကို စတင် ထမ်းဆောင်တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီမှာ အရင်ဆုံး ဥပဒေ အထောက် အကူပြု အဖွဲ့နဲ့ တွေ့ဆုံပြီး ပါတီ ရင်ဆိုင်နေရတဲ့ အခြေအနေ အရပ်ရပ်နဲ့ ဥပဒေရေးရာ ကိစ္စ တွေကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မနေ့က မေးမြန်းခွင့် မရခဲ့တဲ့ နိုင်ငံခြား သတင်းထောက် တွေရဲ့ ပန်ကြားချက်အရ ဒီကနေ့မှာ သတင်းထောက် တွေနဲ့ ထပ်မံ တွေ့ဆုံခဲ့တယ်လို့ ပါတီပြောခွင့် ရသူတွေက ပြောပါတယ်။

မွန်းလွဲပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင် လွန်ခဲ့တဲ့ တပတ်လောက် ကတည်းက လွတ်လာရင် တွေ့ဆုံခွင့်ရဖို့ ရန်ကုန်မြို့မှာ ကြိုတင် ရောက်ရှိနေကြတဲ့ ပြည်နယ်တိုင်း အသီးသီးက ပါတီ စည်းရုံးရေး အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပါတီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ ညနေ ၄နာရီကျော် ဒေါ်အောင်ဆန်းစုကြည် ပြန်သွား ချိန်မှာ ပြည်တွင်း သတင်းထောက်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူလူထုက ရုံးဝကနေ စောင့်ကြို နှုတ်ဆက် ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီ့နောက် ညနေပိုင်းမှာ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဥပဒေရေးရာ ကိစ္စတွေ ဆက်လက် ဆွေးနွေးခဲ့ တယ်လို့လည်း စုံစမ်းသိရပါတယ်။

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း လူ ၁ သိန်းခန့် တက်ရောက်နားထောင်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာ ပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာပြီး ပြည်သူများကို နှုတ်ဆက်နေစဉ်။ (Photo: AFP)

2010-11-14. RFA NEWS.နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့မှာ ၇ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို ဒီကနေ့ နေ့လည် မိန့်ခွန်း ပြောကြားရာမှာ ပရိသတ် ၁ သိန်းကျော် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

သူ့အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အမြဲ ကြိုးပမ်းမှာ ဖြစ်သလို တွေ့ဆုံ ဆွေးနွေး ဖို့လည်း ဆန္ဒရှိကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲ ၀င်သွားမှာ ဖြစ်ကြောင်း ဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ သူ့မှာ သြဇာအာဏာ ရှိတယ်ဆိုရင် ဒီ သြဇာအာဏာကို ဒီအရေး နှစ်ရပ်အတွက် အဆုံးစွန်အထိ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ တနာရီ နီးပါး ကြာတဲ့ ဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အားလုံး အလုပ် တွဲလုပ်ဖို့ လိုကြောင်း၊ ကွဲပြားနေတဲ့ ဒီမိုကရေစီ အင်အားစု တွေနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း၊ သူ့အနေနဲ့ အစိုးရ အပေါ်မှာလည်း အာဃာတ အငြိုးအတေး မထားရှိကြောင်း၊ လုံခြုံရေး အရာရှိတွေဟာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ ကြောင်းလည်း ပါရှိပါတယ်။ တချိန်ထဲမှာ မြန်မာပြည်သူ တွေက ဆန္ဒရှိရင် မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာက ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး ဖယ်ရှားသွားအောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Sunday, November 14, 2010

ဒေါ်စု လွတ်မြောက်မှု နိုင်ငံတကာ ခေါင်းဆောင်တွေ ၀မ်းမြောက်ကြိုဆို

13 NOV 2010. VOA NEWS. ဒီကနေ့ ညနေ ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အိမ်ခြံဝ ကနေ စောင့်နေတဲ့ ပြည်သူတွေကို နုတ်ဆက် စကား ပြောခဲ့တဲ့ နောက်ပိုင်းမှာ ပြည်ပက ရောက်နေတဲ့ မြန်မာ နိုင်ငံက ပြည်သူ တွေလည်း စိတ်လှုပ်ရှားစွာနဲ့ ၀မ်းပမ်း တသာ ကြိုဆိုခဲ့ ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အမေရိကန် သမ္မတ ဘရက်အိုဘားမား၊ ဥရောပသမဂ္ဂ၊ ဂျာမနီ ၀န်ကြီးချုပ်၊ ထိုင်း နိုင်ငံခြားရေး ၀န်ကြီး တို့အပြင် အာဆီယံအတွင်းရေးမှူးချုပ် တို့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတာနဲ့ ပတ်သက်ပြီး ကြိုဆိုတုံ့ပြန် ခဲ့ကြပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ စနေနေ့ ညနေ ၅ နာရီခွဲ ပတ်ဝန်းကျင် လောက်မှာ နေအိမ် အကျယ်ချုပ် ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက် လာတဲ့အပေါ်မှာ နိုင်ငံတကာ ခေါင်းဆောင် တွေကရော၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေကပါ ကြိုဆို လိုက်ပြီး ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာ ရောက်ရှိ နေတဲ့ အမေရိကန် သမ္မတ အိုဘားမား ကလည်း ကြေညာချက် ထုတ်ပြန်ပြီး အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတဲ့အပေါ်မှာ ကြိုဆို လိုက်ပါတယ်။

ဒါ့အပြင် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကမ်မရွန် ကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကနေ လွတ်မြောက် လာတာကို ကြိုဆို လိုက်ပြီးတော့ လွတ်ပေးသင့် တာကြာပြီ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တဆက်တည်း မှာပဲ ဂျာမနီ ၀န်ကြီးချုပ် အဲန်ဂလာ မာကဲလ် နဲ့ ဥရောပ သမဂ္ဂက ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso တို့ကလည်း ဒေါ်အောင်ဆန်း စုကြည်ဟာ ကမ္ဘာတ၀ှမ်း ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ခြင်းရဲ့ သင်္ကေတ ဖြစ်တယ်၊ လူ့အခွင့် အရေးကြိုးပမ်း မှုရဲ့ ပြယုဂ် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အခုလို ကြိုဆို လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတာကို ကြိုဆိုပါတယ်။ အခုလွှတ်ပေး တာလည်း နောက်ကွယ်က ချုပ်ချယ်တာမျိုး မရှိဘူးလို့ မျှော်လင့်ပါတယ်။ သူမကို ချုပ်နှောင် ထားတာဟာ လူ့အခွင့် အရေး ချိုးဖောက် တာမိုလို့ နိုင်ငံတကာက တောင်းဆိုတဲ့ အတိုင်း လွှတ်ပေး မယ်လို့လည်း မျှော်လင့် ခဲ့တာပါ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးတာကို ကြိုဆိုပါတယ်။ အခြား နိုင်ငံရေး အကျဉ်းသား တွေကိုလည်း ပြန်လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်ကြီး နာဗီ ပီလေး (Navi Pillay) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတာကို ကြိုဆို လိုက်ပြီးတော့ မြန်မာ စစ်အစိုးရ ကိုလည်း နိုင်ငံရေး အကျဉ်းသား တွေအားလုံး လွှတ်ပေးဖို့ကို တိုက်တွန်း လိုက်ပါတယ်။ ဗြိတိန် ၀န်ကြီး ချုပ်ဟောင်း ဂေါ်ဒန် ဘရောင်းက ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုတဲ့ ကြေညာချက် ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရသူ တွေထဲမှာ သတ္တိ အရှိဆုံးနဲ့ ထင်ရှား အကျော် ကြားဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ မတရားမှု ဆိုတာ ကြာရှည် မခံဘူးဆိုတာ သူမရဲ့ လွတ်မြောက်မှုက ပြသနေတယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် တောင်အာဖရိက နိုင်ငံက ဘုန်းတော်ကြီး ဒက်စ်မွန်တူတူး အပါအ၀င် ဒေသတွင်း နိုင်ငံတွေထဲက တခုဖြစ်တဲ့ ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ဌာန ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို ကြိုဆို ၀မ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာပြီးနောက် စောင့်မျှော်ကြိုဆို နေသူများကို နေအိမ်ခြံတံခါးမှ နှုတ်ဆက်နေစဉ်။ (Photo: AFP)

2010-11-13. RFA.NEWS. မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ ညနေ ၅ နာရီ ၁၅ မိနစ်က နေအိမ် အကျယ်ချုပ် ကနေ ပြန်လွတ်လာပါပြီ။ လွတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ထွက်ပြီး လူထုကြီးကို နှုတ်ဆက်စကား ပြောပါတယ်။ အဲဒီလို ပြည်သူလူထုကို နှုတ်ဆက်စကား ပြောဆိုရာမှာ မိမိတို့အားလုံး ရှေ့ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ လက်တွဲ ဆောင်ရွက် ကြရမယ်လို့ ပြောဆိုခဲ့ပါတယ်။

လူထုက ပန်းစည်းတွေ ပေးလိုက်တဲ့အခါမှာ ပန်းတပွင့်ကို ခေါင်းမှာပန် လိုက်ပါတယ်လို့ ခြံရှေ့ မှာ သွားရောက် ကြိုဆိုနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား တဦးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ စကား ပြောနေချိန်မှာ NLD ခေါင်းဆောင် တွေနဲ့ လူငယ်တွေ ဝန်းရံ ထားကြသလို လူအုပ်ကြီးကလည်း ဝမ်းပန်းတသာနဲ့ အထူး ပျော်ရွှင် နေကြတယ်လို့ သိရပါတယ်။

မနက်ဖြန် နေ့လည် (၁၂) နာရီမှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်က NLD ရုံးချုပ်ရှေ့မှာ ပရိသတ်ကို မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေ လွတ်ပြီးချိန်မှာ ဘန်ကောက်မြို့မှာ ပြည်ဝင် ခွင့်ဗီဇာ စောင့်နေတဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်နဲ့ စကားပြော လိုက်ရပါတယ်။ ဒါပေမယ့် သား ကိုထိန်လင်း ကိုတော့ စစ်အစိုးရက ခုချိန်အထိ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေး သေးဘူးလို့ သိရပါတယ်။

Wednesday, November 10, 2010

ကိုကိုရွှေတို့ ကြားတာ တွေကို ပြောပါရစေ

ကားတွန်း ဟန်လေး 08/11/2011.

ဂျိုဂုတ်ကြီး ထောင်ထားတဲ့ ဖဲဝိုင်းမှာ ၀င်ကစားမိတဲ့ မြန်မာကျော် မင်းသား၊ မင်းသမီးတွေ အတွက် အထူး စိတ်မကောင်း ဖြစ်မိပါတယ်။ နှပ်ကြောင်းရော ချိုးကြောင်းပါ ထည့်ထားတဲ့ ဖဲနဲ့ ကစားမိလို့၊ (ငွေ (၅)သိန်း+ လမ်းစရိတ်+ အ၀တ်စားဘိုး+ စားစရိတ်ဘိုး) လောက်နဲ့ ကုန်သွား တာကိုပဲ ကျေနပ်လိုက်ပါ။ သတိလည်း ထားအုံး မကျေနပ်လို့ ဂျိုဂုတ်ကြီးဆီကို တိုင်ရင် အတိုင်းအစ မသိထပ်ပြီး ကုန်သွားတဲ့ အပြင် သွက်သွက် ခါးအောင်ပိုပြီး စားသွားလိမ့်မယ်။

(တစည) နဲ့ ဒေါင်းတုတွေ ကိုအထူးပိုပြီး စိတ်မကောင်း ဖြစ်မိတယ်၊ ဘာကြောင့်လည်း ဆိုတော့ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံနဲ့၊ လူတကာ ချစ်အောင် ကြံဖန်ပြီး နေတာမက၊ ပြောစကား ကိုလည်း ရိုသေ လေးစားစွာနဲ့ နားထောင်ပြီး အနှစ် (၂၀)လုံး ကြိုးစားပြီး နေလာပြီးမှ ဘူးပဲရတယ် ဆိုတော့လဲ တော်တော်လေး စားသွားတယ်၊ ဘ၀နဲ့ချီပြီး အရမ်းကို ခံစားနေမှာပဲ။

ကိုကိုရွှေ (10/11/2010)

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန် သမ္မတ တောင်းဆို

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမတ ဘာရက် အိုဘားမားနှင့် အင်ဒိုနီးရှားသမတ စူစီလို ဘမ်ဘန် ယူဒိုယိုနိုတို့ နိုဝင်ဘာ ၉ ရက်နေ့က ဂျာကာတာမြို့မှာ ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများ၏ မေးခွန်းကို သမတ အိုဘားမား ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

2010-11-09. RFA.NEWS. မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန် သမတ ဘာရက် အိုဘားမားက အင်ဒိုနီးရှား နိုင်ငံမှာ ရောက်ရှိစဉ် တောင်းဆို လိုက်ပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေထံ တိုက်ရိုက် အသံလွှင့်တဲ့ မိန့်ခွန်းတခုမှာ နိုဝင်ဘာ ၉ ရက် ဒီကနေ့ ညဦးပိုင်းက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်မှု မရှိကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားလာတဲ့အထိ အမေရိကန် နိုင်ငံအနေနဲ့ ဆက်ကြိုးပမ်း သွားမဲ့အကြောင်း မစ္စတာ အိုဘားမားက ပြောပါတယ်။

"အာဆီယံနဲ့ တကမ္ဘာလုံး ရင်ဆိုင်ရမဲ့ အခက်အခဲကတော့ မြန်မာနိုင်ငံ အရေး ဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ သားတွေရဲ့ အခွင့်အရေး အတွက် ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက ရွေးကောက် ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို လွတ်လပ် မှုလည်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံဖြစ်အောင် မိမိတို့အနေနဲ့ ကြိုးစားသွားမယ်။ ပထမဦးဆုံး အဆင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆို လိုက်ပါတယ်။"

Tuesday, November 9, 2010

မြန်မာရွေးကောက်ပွဲ တဖက်သတ် နိုင်ထက် စီးနင်းပြုဟု သမ္မတ အိုဘားမား အိန္ဒိယ လွှတ်တော်မှာ ဝေဖန်

သမ္မတ အိုဘားမား အိန္ဒိယ ပါလီမန်တွင် မိန့်ခွန်းပြောကြားနေစဉ်။ 08/11/2010.

VOA.NEWS. (9/11/2011). အိန္ဒိယနိုင်ငံ ရောက်နေတဲ့ သမ္မတ အိုဘားမား ကတော့ မြန်မာ အစိုးရရဲ့ ရွေးကောက်ပွဲဟာ သူတို့လိုချင်တဲ့ ပုံအတိုင်း ဖြစ်အောင် တဖက်သတ် နိုင်ထက် စီးနင်းလုပ်တဲ့ ရွေးကောက်ပွဲ မျိုးဖြစ်ပြီး လက်ခံလို့ မရဘူးလို့ အိန္ဒိယ ပါလီမန်မှာ ပြောတဲ့ မိန့်ခွန်းတခုမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံ မှာလို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို နှိပ်ကွပ်ခံ ရမယ်ဆိုရင် ဒီမိုကရေစီ တိုင်းပြည်တွေက ဆိတ်ဆိတ်နေလို့ မဖြစ်ပါဘူး။ ငြိမ်းချမ်းတဲ့ ဆန္ဒပြ သူတွေကို ပစ်ခတ် နှိမ်နင်းတာ၊ နိုင်ငံရေး အကျဉ်းသား တွေကို ဆယ်စုနှစ်နဲ့ချီ ထောင်သွင်း အကျဉ်းချထား တာတွေကို လက်ခံလို့ မရပါဘူး။ လူထု တရပ်လုံးရဲ့ စိတ်ဆန္ဒတွေကို လောဘဇော တိုက်ပြီး အရာရာ အပေါ် သံသယကြီးတဲ့၊ ကျင့်ဝတ်မဲ့တဲ့ အစိုးရ တရပ်က ထိန်းချုပ် ထားတာမျိုး လက်ခံလို့ မရပါဘူး။ မြန်မာအစိုးရ ကနေ ရွေးကောက်ပွဲကို နိုင်ထက်စီးနင်း တဖက်သတ် ထပ်လုပ်တာမျိုးကို လက်ခံလို့ မရပါဘူး။”

Monday, November 8, 2010

DKBA နှင့် နအဖ စစ်တပ်တို့၏ မြ၀တီတိုက်ပွဲ၊ မြန်မာစစ်ပြေး ဒုက္ခသည်များ နှင့် ထိုင်းဘက်ကမ်း အခြေအနေ (ရုပ်သံသတင်း)

Fighting in Myawaddy(1) 08/11/2010.
Fighting in Myawaddy(2) 08/11/2010.

မြ၀တီမြို့ကို DKBA ၀င်ရောက် စီးနင်းထား

Submitted by Karen Information Center on Sunday, 7 November 2010. ကေအိုင်စီ။ နယ်ခြား စောင့်တပ်ကို လက်မခံသည့် DKBA တပ်ဖွဲ့ဝင် များသည် ယနေ့ နေ့ခင်းပိုင်းတွင် မြ၀တီမြို့ကို ၀င်ရောက် စီးနင်း ကာ နအဖ စစ်တပ် နေရာ များနှင့် အရေးပါသည့် နေရာများ၌ နေရာဝင်ယူ ထားလိုက်သည် ဟုသိရသည်။ အဆိုပါစီးနင်းမှုအပေါ် DKBA တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ကယခုလို ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။

“နအဖရဲ့ ရွေးကောက်ပွဲဟာ တရား မျှတမှု မရှိဘူး။ ပြည်သူလူထု တရပ်လုံး အတွက်လည်း တရား မျှတမှု မရှိဘူး။ နောက်ပြီး ဒီရွေးကောက်ပွဲဟာ ကရင်တပ်ဖွဲ့တွေကိုလည်း ဖျက်လို ဖျက်ဆီး ဖြစ်အောင် နည်းလမ်းရှာ လုပ်နေတာပဲ။ ပြီးတော့ ကရင်လူမျိုး တွေကို မတိုးတက် စေချင်ဘူးလေ။ ဒါကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျနော်တို့ အဆင်သင့် စပါယ်ရှယ်ရှိနေပါတယ်။” ဟု ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။

ယင်းသို့ နေရာယူ ထားသည့် DKBA တပ်ဖွဲ့မှာ တပ်ရင်း (၉၀၂)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်သက်၏ တပ်ဖွဲ့ဝင် များဖြစ်ပြီး ဦးစွာ မြို့ပြင်နားရှိ နအဖတပ် နေရာများမှ တပ်သားများကို အလစ် ဖမ်းဆီးကာ လက်နက်အချို့ကို သိမ်းဆည်းထား လိုက်ကြောင်း DKBA တပ်မှူးတစ်ဦးက ပြောသည်။ သူက “ကိုယ့်နဲ့ အနီးဆုံး စစ်တပ် နေရာကို အရင်လုပ် လိုက်တော့ သူတို့ ရဲဘော် အချို့နဲ့ လက်နက် အချို့ကို သိမ်းလို့ရတယ်။ အခု လောလောဆယ် ဆက်သွယ်ရေး၊ ခရကရုံး၊ ချစ်ကြည်ရေး တံတား အနီးနဲ့ အချို့နေရာတွေကို နေရာဝင်ယူ ထားပါတယ်။” ဟု ဆို သည်။

မွန်းလွဲပိုင်း အချိန်ထိ ဆက်သွယ်ရေးရုံး၊ မရက၊ ရဲစခန်း အပါအ၀င် အချက်အချာ ကျသည့် နေရာအတော် များများတွင် DKBA ၀င်ရောက် ထားလျှက်ရှိပြီး နအဖ စစ်တပ်ဘက်မှ တစုံတရာ တုန့်ပြန်မှု မရှိသေးကြောင်း DKBA တပ်ဖွဲ့ဝင် များက ပြောသည်။ ယနေ့ မနက်ပိုင်းတွင် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂၀၀ကျော်သည် ၎င်းတို့၏ နယ်ခြားစောင့် ဘက်တံဆိပ် များကို မီးရှို့ဖျက်ဆီးကာ မြ၀တီ မြို့နယ်ရှိ ဒုဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်သည့် DKBA တပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

ယနေ့ ညဦးပိုင်း အထိ အင်အား ၃၀ခန့်စီ ရှိသည့် နအဖနှင့် DKBA တပ်ဖွဲ့ဝင်များသည် လက်နက် ကြီးငယ်များဖြင့် ချစ်ကြည်ရေး တံတား အောက်တွင် ရှိနေကြောင်း ကိုယ်တိုင် မြင်တွေ့သူ မြို့ခံတစ်ဦးက ကေအိုင်စီကို ပြောသည်။ “ဒီညပိုင်း အထိ တံတား အောက်မှာ စစ်တပ်ကလည်း အင်အား ၃၀လောက် ရှိတယ်။ နောက်ပြီး ဗိုလ်ကျော်သက်ရဲ့ကားကိုလည်း တွေ့တယ်။ ကာယကံရှင် ပါမပါတော့ မသိဘူး။ သူ့လူတွေ စီးလာတာ ဖြစ်မယ်။ DKBA တွေက 79 သေနတ်တွေနဲ့ အာရ်ပီဂျီသီး တွေကိုင်ပြီး ထိုင်းဘက်ခြမ်းကို ကျောပေးပြီး မြို့ထဲဘက်ကို ချိန်ထားတယ်” ဟုဆိုသည်။

ယနေ့မနက် ၁၀နာရီကျော်တွင် ဂျပန် သတင်းထောက် တစ်ဦးကို မြန်မာ အာဏာပိုင်များက ဖမ်းဆီး လိုက်သည်ဟု သိရပြီးး ကေ အိုင်စီက စုံစမ်းရာ ထိုအခြေအနေကို ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုသော်လည်း မည်သည့်အဖွဲ့က ဖမ်းဆီးသည်ကို ၎င်းတို့ မသိရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာ့ရွေးကောက်ပွဲ တရားမျှတမှုမရှိ အိုဘားမား ဝေဖန်

Barack Obama holds a town hall meeting with students at St. Xavier's College in Mumbai Photo: EPA. ဗွီအိုအေ (မြန်မာဌာန) 07/11/2010.

မြန်မာနိုင်ငံက စစ်အစိုးရ ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေဟာ ဒီကနေ့ ညနေ (၄)နာရီမှာ မဲရုံတွေ ပိတ်ပြီးတော့ ပြီးဆုံးသွား ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဘရက်(က်) အိုဘားမားက စိန့်ဇေးဗီးယား ကောလိပ်မှာ အိန္ဒိယ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံက ဒီကနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ အခုလို ပြောကြား သွားခဲ့ပါတယ်။

“ကမ္ဘာပေါ်က တချို့ နေရာတွေမှာ “ဒီမိုကရေစီ” ဟာ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲပါ။ ဥပမာ တခုအနေနဲ့ ပြောရရင် အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်နေပါတယ်။ ကျနော်တို့ ကြားသိရတဲ့ အချက်အလက် တွေအရ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ မြန်မာပြည် သူလူထုဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ရမယ့် အခွင့်အရေး တွေကို နှစ်ပေါင်းများစွာ ငြင်းပယ်ခံ နေရပါတယ်။”

နှစ်(၂၀) အကြာမှာ ပထမဦးဆုံး ပြုလုပ်သွားတဲ့ မြန်မာနိုင်ငံက ဒီကနေ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ စစ်တပ်က ဆက်ပြီး အုပ်ချုပ် သွားရေးအတွက် ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ နိုင်ငံတကာက ဝေဖန်သူတွေက ထောက်ပြ နေကြပါတယ်။ သြစတြေးလျ နိုင်ငံ မဲ(လ်)ဘန်း မြို့ကိုရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟစ်လာရီ ကလင်တန် ကလည်း တက္ကသိုလ် ကျောင်းသား တွေနဲ့ တွေ့ဆုံ တဲ့ပွဲမှာ မြန်မာ နိုင်ငံက အပြစ် အနာအဆာ တွေနဲ့ ရွေးကောက်ပွဲဟာ မြန်မာစစ် အစိုးရရဲ့ နိုင့်ထက်စီးနင်း လုပ်ဆောင်မှုကို ပြသနေတာ ဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

ဒီလိုဖြစ်နေရတာဟာ အလွန်ပဲ စိတ်ထိခိုက် စရာဖြစ်ပြီးတော့ မြန်မာပြည် သူတွေဟာ အခုလို အနိုင်ကျင့် ခံနေကြရတဲ့ ဘ၀တွေ ထက် ပိုပြီး ကောင်းမွန် သာယာတဲ့ ဘ၀တွေကို ထိုက်တန်စွာ ရရှိသင့်သူတွေ ဖြစ်တယ်လို့လည်း မစ္စစ်ကလင်တန်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ကျူးလွန်နေမှု တွေအတွက် မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ တာဝန်ရှိမှုအပေါ် “နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး” ကို အမေရိကန်ပြည်ထောင်စုက သြစတြေးလျ နဲ့အတူ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီး ကလင်တန်က ပြောဆိုသွား ခဲ့ပါတယ်။

ရွေးကောက်ပွဲ ပြီးသွာရင် မြန်မာနိုင်ငံမှာ ထွက်ပေါ်ကောင်း ထွက်ပေါ်လာမယ့် ခေါင်းဆောင်သစ်တွေ အနေနဲ့ သူတို့ဟာ အရင် ခေါင်းဆောင်တွေ ကျူးလွန်ခဲ့ တာမျိုးတွေ ဆက်ပြီးလုပ်လို့ မရဘူး ဆိုတာနဲ့ မြန်မာပြည် သူတွေရဲ့ အနာဂတ် အလားအလာ တွေကို သဘောပေါက် နားလည်ဖို့ လိုအပ်လိမ့် မယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မဲ(လ်)ဘန်းလ်မြို့မှာ ပြောကြားသွား ခဲ့ပါတယ်။

A.P.F ဂျပန်သတင်းဌာန ပိုင်ရှင် မြ၀တီမြို့မှာ အဖမ်းခံရ

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့တွင် ဖမ်းဆီး ခံခဲ့ရသည့် ဂျပန် APF သတင်းဌာန ပိုင်ရှင် မစ္စတာ တိုးရု ယာမဂျိ (Toru Yamaji)။ (Photo: RFA)

2010-11-07. RFA NEWS. ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် APF သတင်းဌာန ပိုင်ရှင်ဖြစ်တဲ့ မစ္စတာ တိုးရု ယာမဂျိ (Toru Yamaji) ကို ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ဖမ်းဆီး လိုက်ပါတယ်။ မစ္စတာ ယာမဂျိ ဟာ ထိုင်းနိုင်င် မဲဆောက်မြို့ကနေ ထွန်စက်တာယာ ဘောကွင်းကို ငှားစီးပြီး သောင်ရင်းမြစ်ကို ဖြတ်ကာ မြန်မာနိုင်ငံ မြတီမြို့ ဘက်ကို ဒီကနေ့မနက် (၇) နာရီ ကျော်လောက်မှာ ကူးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် (၈) နာရီခွဲ ကျော်လောက်မှာ အဖမ်းခံ လိုက်ရတာပါ။

မစ္စတာ ယာမဂျိ မြ၀တီမြို့ကို ကူးမသွားခင် မဲဆောက်မြို့မှာ သူ့နဲ့ နောက်ဆုံး တွေ့ခဲ့သူ ဦးကိုကိုအောင်က RFA ကို အခုလို ပြောပါတယ်။
“မြဝတီဘက်ကို သူကူးသွားတယ်ဗျာ၊ မဲဆောက်ကနေ။ မနက် ၇ နာရီခွဲ ကျော်ကျော် ၈ နာရီထိုး ခါနီးလောက်။ ကူးသွားပြီးတဲ့ အခါကျတော့ ပထမပိုင်းမှာ ကျနော်တို့ဆီကို သူဖုန်းဆက်တယ်။ ကျနော်တို့လည်း ဆက်တယ်။ နောက်ပိုင်း ၈ နာရီ ၄၅ လောက်ကျတော့ အဆက်အသွယ် မရဘူး။ နောက်ပိုင်း ဟိုဘက်ကနေ သတင်းတခု ရတာက သူ့ကို မြဝတီ ဘက်ကမ်းမှာ ထောက်လှမ်းရေးတို့ ရဲတို့ကနေ ဖမ်းလိုက်တယ်လို့ ကြားတယ်ဗျ။ ကျနော် သိရသလောက် ဒီနေ့လုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူက သတင်းလိုချင်တယ်။ နှစ်အချက်ကတော့ တကယ်လို့များ အခွင့်အရေး ရခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ရန်ကုန်မြို့မှာ သေသွားတဲ့ နာဂအိစံ ရဲ့ ကင်မရာကို သူတောင်းဆိုမယ် စုံစမ်းမယ်လို့ ကျနော့်ကို ပြောသွားပါတယ်”

ရွေးကောက်ပွဲ သတင်းရယူဖို့ မြန်မာနိုင်ငံဘက် ကူးသွားတဲ့ APF သတင်းဌာန ပိုင်ရှင် မစ္စတာ ယာမဂျိနဲ့ အတူ ဂျပန် နိုင်ငံကူး လက်မှတ် စာအုပ်တအုပ်၊ ဘောပင်ပုံသဏ္ဍန် အသေးစား လျှို့ဝှက် ဗွီဒီယိုကင်မရာနဲ့ နိုင်ငံတကာသုံး ဂြိုလ်တု လက်ကိုင်ဖုန်း ၂ လုံးလည်း ပါသွားကြောင်း သိရပါတယ်။ သူ ကိုင်ဆောင်သွားတဲ့ ဂျပန်နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ဟာ Tomi Matsumoto ဆိုတဲ့ အမည်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ မြန်မာ စစ်အစိုးရ အရာရှိ တဦးကတော့ မစ္စတာ ယာမဂျိ ကို ဖမ်းဆီးထားတာ ဟုတ်မှန်ကြောင်း နိုင်ငံတကာ သတင်းဌာန တွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မစ္စတာ ယာမဂျိ ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအရ အရေးယူ လိမ့်မယ်လို့ အဲဒီ အရာရှိကပဲ ပြောဆိုပါတယ်။ အခု အဖမ်းခံလိုက်ရတဲ့ မစ္စတာ တိုးရု ယာမဂျိ ရဲ့ APF သတင်းဌာနဟာ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုအတွင်း စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်သတ်လိုက်လို့ သေဆုံးသွားတဲ့ ဂျပန် ဗွီဒီယို သတင်းထောက် ခဲန်းဂျိ နာဂအိ အလုပ်လုပ်ခဲ့တဲ့ ဌာနလည်း ဖြစ်ပါတယ်။ မစ္စတာ ယာမဂျိရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေက ဒီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြောဖို့ ရှိတယ်လို့လည်း သတင်း ရရှိပါတယ်။

မြန်မာစစ်အစိုးရရွေးကောက်ပွဲ ပြဇာတ်သဖွယ် ပြုမူသွားကြာင်း အမေရိကန် ဝေဖန်

VOA. NEWS. 11.11.2011. မြန်မာစစ်အစိုးရရဲ့ ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ကြိုတင် ပြင်ဆင်ထားတဲ့ ပြဇာတ်သဖွယ် အောင်ပွဲခံနိုင်ခဲ့ ပြီးတော့ စစ်အစိုးရအနေနဲ့ အနှစ်သာရ ပြည့်ပြည့်၀၀ သရုပ်ဆောင် နိုင်ခဲ့တယ်လို့ သဘောထားမှာ ဖြစ်ကြောင်း အမေရိကန် ကွန်ဂရက် အထက် လွှတ်တော်ရဲ့ Kentucky ပြည်နယ် ကိုယ် စားပြု Republican အထက် လွှတ်တော်အမတ် Mitch McConell က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

Saturday, November 6, 2010

ရေကြီးလို့အပျော်ကြီးပျော်

ကမ္ဘာနဲ့ယှဉ်ပြီးတွေး ..ရိုးရာအတိုင်းလုပ်ဆိုတဲ့ဆောင်ပုဒ်တွေကို တိုကျိုမြို့ပေါ်က ရထားတွေမှာကပ်ထားလေ့ရှိတဲ့ ဂျပန်ပြည်မှာ ..အခုဆိုရင် နိုင်ငံတကာဆောက်လုပ်ရေးလုပ်ငန်းစံနစ်များအတိုင်း ဆောက်လုပ်ရေးလုပ်ငန်း ပုံစံကိုပြောင်းတော့မယ်လို့ဆိုလာတယ်ခင်ဗျ ...

ဂျပန်နိုင်ငံမှာအကြမ်းဖျဉ်းအနေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၅သိန်းကျော် ရယ် ပုံစံရေးဆွဲအတိုင်ပင်ခံကုမ္ပဏီ လေးထောင်ခန့်ရှိပါတယ်ယခုအထိ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပုံစံထုတ် တွက်ချက်တဲ့ကုမ္ပဏီက ပုံစံထုတ် တွက်ချက်ပေးရုံသာတာဝန်ယူခဲ့ရသလို တကယ်ဆောက်လုပ်ပြီးစီးလို့အမှားအယွင်းတွေ့ရှိခဲ့ရင် အဲဒီအမှားကိုတာဝန်ယူရတာက ဆောက်လုပ်ရေးကုမ္ပဏီသာဖြစ်ပြီး ပုံစံထုတ် တွက်ချက်တဲ့ကုမ္ပဏီက ဘာတာဝန်မှမရှိတဲ့သဘောဆန်ဆန် စံနစ်ကိုအသုံးပြုနေတာဖြစ်ပါတယ် .....

လာမဲ့နှစ် မတ်လကစလို့ အခြားတိုင်းပြည်တွေမှာလိုပဲ လမ်းတံတား ဥမင်လိုင်ခေါင်း တို့လိုအခြေခံ အဆောက်အဦးတွေကို ပုံစံထုတ် တွက်ချက်တဲ့အတိုင်ပင်ခံကုမ္ပဏီရယ် ဆောက်လုပ်မဲ့ကုမ္ပဏီရယ် ပုးပေါင်းပြီး ကုမ္ပဏီတခုထဲကအပြီးအစီးလုပ်ကိုင်ရမှာဖြစ်သလို ဆောက်လုပ်ပြီးလုပ်ငန်းများ၌ပြဿနာတစုံတရာတွေ့ခဲ့ရင် ပူးတွဲတာဝန်ယူရမှာဖြစ်တဲ့ဥပဒေသစ်ကို ပြီးခဲ့တဲ့စက်တင်ဘာလကုန်ကအသစ်ပြင်ဆင်ခဲ့တယ်ပါတယ်ခင်ဗျာ .....

ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာတော့ အခြေခံအဆောက်အဦးတွေအထဲမှာပါတဲ့ လမ်းတံတားတွေဆိုရင်ြဲဖတ်သန်းကြေးပေးရတယ် ..ရေမြောင်းတွေ ရေထွက်ပေါက်တွေရင် ပြုပြင်မဲ့သူမရှိ ..မိုးရွာရင် ကိုယ်ထူကိုယ်ထကိုယ်တိုင် ရေမြောင်းဖေါ်...မဖေါ်နိုင်ရင်ရေကြီးပေတော့ပဲ ...အခုလဲတော်သလင်းမိုးရွာသွန်းဖြိုးလိုက်တာ ရွှေနိုင်ငံတော်အနှံ့ ရေတွေကြီးနေရောခင်ဗျ ...မန္တလေးတိုင်းထဲမှာဆိုမိုးရွာလို့ ..ရေထွက်ပေါက်မရှိလို့ မြေနိမ့်ပိုင်းတွေမှာရေဘေးခံနေရတုန်း ဗြုန်းကနဲဆို ဘယ်သူ့ကိုမှအသိမပေး ကြိုတင်ကြေငြာခြင်းလဲမရှိပဲ အောက်တိုဘာလ ၁၀ရက်နေ့မှာ ဆည်တော်ကြီးဆည်က ရေတွေကိုဖေါက်လွှတ်လိုက်တယ်တဲ့ခင်ဗျ ..သွားကြစမ်း ခံကြစမ်းရေဘေးဒဏ် .....

အဲဒီလိုအရေးပေါ်ရေလွှတ်လိုက်ရတာက မိုးရွာပြီးရေ၀င်များလို့ ဆည်ကျိုးနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဆင်ခြေပေးတယ်ပါတယ် ..မထင်ရေးချမထင်ကြောင်းပါခင်ဗျာ ..ရွှေမြိုင်အောင်ကတော့ ဒါဟာ ယတြာခြေမှုတခုလို့ပဲထင်ပါတယ် .....

ဆည်မြောင်းလုပ်ငန်းအကြောင်း သိပြီးတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလဲရှိနိုင်မှာပါ ..ဆည်မြောင်းလုပ်ငန်းမှာ တည်ဆောက်ရေးအပိုင်းနဲ့ ထိန်းသိမ်းရေးအပိုင်းဆိုပြီးရှိပါတယ် ...ရေအားလျှပ်စစ်အတွက် မြို့ရေပေးရေးအတွက် မိုးနဲရေရှားရပ်ဝန်းဒေသတွေမှာ ကောက်ပဲသီးနှံတွေကို ရေသွင်းစိုက်ပျိုးဘို့အတွက်ဆိုပြီး ဆည်မြောင်းတွေဆောက်လုပ်ကြသလို ..ဧရာဝတီမြစ်ဝကျွန်းပေါ် မွန်ပြည်နယ် ရခိုင်ကမ်းရိုးတန်းဒေသတချို့မှာလဲ စပါးစိုက်ခင်းတွေထဲကို..ငါးပုဇွန်မွေးမြူရေးကန်တွေထဲကို ပင်လယ်ရေငံမ၀င်ရလေအောင် ကာရံမှုပြုတဲ့အနေနဲ့ တာတမံတွေဆောက်လုပ်တာက ဆည်မြောင်းဌာနရဲ့လုပ်ငန်းတွေဖြစ်ပါတယ် .....

ဆည်မြောင်းတွေ တာတမံတွေ တည်ဆောက်လို့ပြီးသွားရင် ဆည်မြောင်းထိန်းသိမ်းရေးဌာနကိုလွှဲပြောင်းပေးရပါတယ် ..ဆည်မြောင်းလောကသားတွေနောက်ပြောင်ပြီးပြောလ့ရှိတဲ့စကားလေးတွေရှိပါတယ် ..ဆောက်လုပ်နေတဲ့အချိန် မိုးများများရွာပြီး ရေကြီးရင် လုပ်ငန်းခွင်မှာ အပျက်အစီးတွေအတွက် ငွေကြေးကုန်ကျမှုတွေရှိလာမှာမို့ အိပ်ထဲကအမြတ်တွေ နဲသွားတာကြောင့် “ရေကြီးရင် အေအီး ငို..”ဆိုတဲ့နောက်စရာစကားဖြစ်သလို .. ထိန်းသိမ်းရေးလုပ်ငန်းမှာ ရေကြီးရင် ဆည်တွေတာတွေဖို့ဘို့ အသုံးပြုရမဲ့ သဲအိတ်စာရင်းတွေ ပြလို့ရမှာဖြစ်တဲ့အတွက် အေအီးလို့ခေါ်တဲ့ဦးစီးအရာရှိတွေအတွက်ကတော့ ပျော်စရာကြီးပဲ ဒါကြောင့် “ရေကြီးရင် အေအီးပျော်သတဲ့ ..” .. ရေထဲကိုမျောသွားတဲ့သဲအိတ်အရေအတွက်ကို ဘယ်သူက စာရင်းအတိအကျကောက်လို့ရမှာလဲ ဟုတ်တယ်ဟုတ်.....

ရွှေနိုင်ငံတော်ကြီးကဆည်တွေဟာ အများအားဖြင့် မြေသားတမံတွေပဲဖြစ်ကြပါတယ် ..ဆည်တခုကိုမြေဖို့တယ်ဆိုတာက ငါးမွေးမြူရေးကန်တူးသလိုအောက်ကတူးတဲ့မြေကြီးကို အပေါ်ကိုတင် တာဖို့သလိုမျိုးလုပ်လို့မရပါဘူး ..ဆည်ကိုမြေဖို့ဘို့အတွက် ဘူမိဗေဒပညာရှင်တွေရဲ့ရွေးချယ် ဆုံးဖြတ်မှုနဲ့ Borrow Pit လို့ခေါ်တဲ့ အငှားမြေကျင်းကနေ တူးယူသယ်ယူပြီးဖို့ရတာပါ ..ဆားနယ်ဖွတ်ချေး လယ်မြေတွေနဲ့တာတမံဖို့လို့မရပါဘူးခင်ဗျာ .....

ကြက်ဆူဘုရင် တို့အုပ်ချုပ်တဲ့ခေတ်မှာ ပေါ်လာလိုက်တဲ့ဆည်တွေ အကြီးတွေရော အသေးတွေရော အရွယ်စုံဆိုဒ်စုံ ..တည်ဆောက်လို့မပြီးသေးလဲ ..အမြန်အမြန် ဆေးတွေသုတ် မော်ဒယ်ဂဲတွေ သရုပ်ဆောင်တွေ အဆိုတော်တွေနဲ့ ဆည်ဖွင့်ပွဲတွေလုပ်ကြ တီဗွီထဲမှာဂွီးဂွီးဂွမ်းဂွမ်း ကြော်ငြာကြနဲ့ အလုပ်ရှုပ်ပြနေတယ်မဟုတ်လားဗျာ ..ဆည်တော်ကြီးဆည်ဆိုတာ အဲဒီလိုမျိုးတက်သုတ်ရိုက် ဆောက်ခဲ့တဲ့ဆည်မဟုတ်ပါဘူး ...ဆည်တော်ကြီးဆည်ဆောက်လုပ်ပြီးခဲ့တာ နှစ်ပေါင်း ၃၀ကျော်ရှိခဲ့ပါပြီ .... ဆည်တခုရဲ့အစိတ်အပိုင်းမှာ (Dam)တမံ.. (Spillway)ရေကျော်နဲ့..(Canal)တူးမြောင်းဆိုပြီးရှိပါတယ် ဆည်တခုရဲ့ရေ၀င်ပမာဏ ရေလှောင်နိုင်တဲ့ပမာဏ တို့ကို ဆည်ဆောက်လုပ်ရေးလုပ်ငန်းမစမီကတည်းကကြိုတင်တွက်ချက်ခဲ့ပြီးသားပါ ..ဆည်ရဲ့ ကန်ရေပြည့်အမှတ်ဆိုတာလဲရှိပြီး အဲဒီရေပြည့်အမှတ်ထက်ကျော်လွန်သွားတဲ့ရေတွေကို (Spillway)ခေါ်ရေကျော်ကနေအလိုအလျှောက်လျှံထွက်သွားအောင် ပုံစံထုတ်တွက်ချက်တည်ဆောက် ရတာဖြစ်ပါတယ်ခင်ဗျာ.....

ဆည်တော်ကြီးဆည်ကိုတည်ဆောက်ပြီးခဲ့တာနှစ်ပေါင်း၃၀ကျော်ပြီလို့ရွှေမြိုင်အောင် ပြောခဲ့ပါတယ် တည်ဆောက်ပြီးရင်ထိန်းသိမ်းရေးလုပ်ငန်းအတွက်နှစ်စဉ်ရရှိတဲ့လုံလောက်တဲ့ဘတ်ဂျက်နဲ့ ပုံမှန်ထိန်းသိမ်းရေးလုပ်သွားမယ် ..လုပ်ခဲ့မယ်ဆိုရင် ဆည်ကျိုးဘို့အနေအထားဖြစ်လာနိုင်စရာအကြောင်းမရှိပါခင်ဗျာ .....

ဌာနဆိုင်ရာတွေအကြောင်းရေးရရင် ဆုံးတော့မှာမဟုတ်တဲ့အတွက် အဓိကအကြောင်းဖြစ်တဲ့ယတြာခြေတဲ့အကြောင်းကိုပဲဆက်ရေးပါ့မယ် ..ဟုတ်ကဲ့ပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆန္ဒခံယူပွဲ မကျင်းပမီ မေလဆန်းက နာဂစ်မုန်တိုင်းတိုက်လို့ ရွှေနိုင်ငံတော်ကြီးမှာ ရေတွေကြီးပြီး သေပျောက် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တာ မှတ်မိကြဦးမှာပါ .. အဲဒီနောက် ကြက်ဆူအုပ်စုကမုလကြေငြာထားတဲ့အတိုင်း အခြေခံဥပဒေဆန္ဒခံယူပွဲ ကိုကျင်းပခဲ့ပြီး အနိုင်ရတယ်လို့သူတို့ဖါသာသူတို့သတ်မှတ်ခဲ့ကြတာကိုလဲအားလုံးက မေ့ကြလိမ့်မယ်လို့မထင်ပါခင်ဗျာ.....

သတ္တလောကသားတွေဟာ အောင်ပွဲရတဲ့အသင်းအဖွဲ့ အောင်ပွဲရတဲ့ ကံကြမ္မာ အောင်ပွဲရတဲ့ နည်းစံနစ်တွေကို နောက်ကိစ္စတွေမှာလဲ ပုံစံတူ အထိုင်တူ အသုံးပြုလေ့ရှိကြပါတယ် .. ယုံကြည်ကြတယ်လို့ပြောလို့ရပါတယ် ..အဲဒီလိုကိစ္စဆိုရင် ကြက်ဆူဘုရင်တို့ကပိုလို့တောင်ယုံကြည်ကိုးစားသေးတယ်လေ.....

ကြက်ဆူအုပ်စုထဲကမိုးလေ၀သဗေဒင်ဟောတဲ့တောက်တဲ့ကြီးတွေအပါအ၀င် ကမ္ဘာပေါ်ကမိုးလေ၀သပညာရှင်တွေက ရွှေနိုင်ငံတော်ကြီးမှာ မိုးနှောင်းကောင်းမယ် မုန်တိုင်းရှိနိုင်တယ်ဆိုတာ ကြိုတင်သိနေခဲ့ကြပါတယ် ..ကမ္ဘာ့မိုးလေ၀သပညာရှင်တွေက သိရှိတဲ့အတိုင်းသတင်းထုတ်ပြန်ခဲ့ပေးပေမဲ့ကြက်ဆူတောထဲကတောက်တဲ့တွေက သတင်းကို ဝေ့လယ်ကြောင်ပတ်နဲ့ထိန်ချန်ထားနေဆဲပါ ..သူတို့စိတ်ကြိုက်လုပ်မဲ့ ၂၀၁၀ရွေးကောက်ပွဲကိုတောင်မှ ဘယ်နေ့ ဘယ်ရက် လုပ်မယ်ဆိုတာ မုန်တိုင်းအခြေအနေကိုခန့်မှန်း ပြီး အချိန်ကပ် ကြေငြာခဲ့တယ် မဟုတ်လားဗျာ .....

ခန့်မှန်းထားတဲ့အတိုင်းမိုးနှောင်းကတကယ်ဆော်တော့ ဆော်တာပဲ ..ဒါပေမဲ့ရေအရမ်းမကြီးသလို အသေပျောက်စာရင်းကလဲ ၁၀ ဂဏန်းမကျော်သေးတော့နာဂစ်တုန်းကလိုမျိုး အသေအပျောက်မများဘူးဆိုရင် ငါတို့ကြံ့ဖွတ်ပါတီ အနိုင်မရဖြစ်တော့မှာပဲလို့ ကြက်ဆူအသိုင်းအ၀ိုင်းက စိုးရိမ် ပြီး ရေကြီးအောင် ယတြာ ချေဘို့အတွက် ဆည်မြောင်းတွေပေါများတဲ့ အညာဒေသ ဆည်တွေက ရေတွေ ကိုဖေါက်လွှတ်လိုက်လို့ အညာဒေသလဲ ထူးဆန်းစွာ ရေကြီးတဲ့ရေဘေးဒုက္ခဒဏ်ကို ကြက်ဆုဘုရင်လက်ထက်မှာခံစားလိုက်ရပါတယ် .....

အညာကပြည်သူတွေရေဘေးဒုက္ခဒဏ်ကိုခံစားနေချိန် အခုရခိုင်ဒေသဘက်မှာလဲ ဂီရိ မုန်တိုင်းတိုက်လို့ လူတွေ အသေအပျောက်များနေတဲ့သတင်းတွေကြားရတယ်ခင်ဗျ.. ဒီလိုရေကြီးခဲ့ရတာကိုအေအီးပျော်မပျော်တော့ မသိဘူးငါတို့ပါတီအပြတ်အသတ်အနိုင်ရတော့မဲ့နမိတ်ဆိုပြီး ကြက်ဆူအုပ်စုကအပျော်ကြီးပျော်နေမယ်ဆိုတာ တော့သေချာကြောင်းပါ ခင်ဗျား.....

(ရွှေမြိုင်အောင်)

နိုဝင်ဘာလထုတ်မိုးသောက်ကြယ်ဂျာနယ်မှကူးယူဖေါ်ပြသည်

မျက်ကြည်လွှာ အလှူရှင်များ လိုအပ်နေ

ရန်ကုန်မျက်စိဆေးရုံတွင် မျက်ကြည်လွှာ လိုအပ်နေသော မျက်စိဝေဒနာရှင်မှာ ၂၀၀၀နီးပါး ရှိသော်လည်း မျက်ကြည်လွှာ လှူဒါန်းသော အလှူရှင်များမှာ နည်းပါးနေကြောင်း ရန်ကုန် မျက်စိဆေးရုံမှ မျက်စိအထူးကု ပါမောက္ခ ဒေါက်တာတင်ဝင်းက ပြောသည်။ မျက်ကြည်လွှာ အလှူရှင်မှာ တစ်နှစ်လျှင် ၁၅၀နီးပါး ရှိသော်လည်း မျက်ကြည်လွှာ လိုအပ်သော မျက်စိ ဝေဒနာရှင်မှာ များပြား နေကြောင်း၊ ယခုအခါ မျက်ကြည်လွှာ လှူဒါန်း သောသူများမှာ လူငယ်ပိုင်းသာ များကြောင်း ယင်းက ထပ်မံပြောသည်။ “ကျောင်းသား လူငယ်တွေ၊ ကြက်ခြေနီတွေ၊ လူငယ်လူရွယ်တွေပဲ မျက်ကြည်လွှာ အများဆုံး လှူကြတယ်လေ။ သူတို့တွေက အလှူရဲ့အကျိုးကျေးဇူးကို ပိုနားလည်တယ်။ အဓိကက စာဖတ်အား ကောင်းတော့ အသိပညာ ပိုအားကောင်း ကြတယ်။ မျက်ကြည်လွှာ လှူတာ အင်မတန် ကုသိုလ် ရပါတယ်။ ကျန်ခဲ့တဲ့ မျက်စိ ဝေဒနာရှင်ကို ကိုယ့်မျက်ကြည်လွှာနဲ့ မြင်အောင် ကူညီ လိုက်တာပါ”ဟု ယင်းက ထပ်လောင်းပြောသည်။ မျက်ကြည်လွှာ လိုအပ်သော မျက်စိ ဝေဒနာရှင်များကို ခွဲစိတ်ကုသ ပေးရာတွင်လဲ အရေးကြီးသော လူနာများကို ဦးစားပေး ခွဲစိတ်ပေးပြီး ခွဲစိတ်ခကိုလဲ စေတနာကြေး ဖြင့်သာ ဆောင်ရွက် ပေးကြောင်း သိရသည်။ “မျက်ကြည်လွှာ ဝေဒနာရှင် တွေက မန္တလေး မှာလဲရှိတယ်။ မျက်ကြည်လွှာ လှူဒါန်း တဲ့သူတွေ သေဆုံးသွားရင် သေဆုံးသူရဲ့ မျက်ကြည်လွှာကို အချိန်မီ သွားယူပြီး ကူးစက် ရောဂါပိုး ရှိမရှိ အရင် စစ်ဆေး ရတယ်။ အဘက်ဘက်က ပြည့်စုံပြီ ဆိုတော့မှ မျက်ကြည်လွှာ လိုအပ်နေတဲ့ အရေးကြီး ဆုံးလူနာကို အရင်ဆုံး ခွဲစိတ်ကုသ ပေးပါတယ်”ဟု ယင်းက ပြောသည်။
@ Yatanarpon

တံဆိပ်ခေါင်း

ဒီနေ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ထုတ်လိုက်တဲ့ အထူးထုတ် တံဆိပ်ခေါင်းက ဆင်ဖြူတော် ၅ ကောင် ပုံနဲ့ဖြစ်ပါတယ်...ဒါကြောင့်များ ငါးကောင် ပြည့်အောင် လိုက်ရှာထားတာလား မသိဘူး တန်ဖိုးက ၅၀၀ တဲ့.

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံတော်သမ္မတလောင်း လျာထား ပြီးပြီဟုဆို

ရွေးကောက်ပွဲ အပြီးပေါ်ပေါက်လာမည့် အစိုးရသစ်အတွက် နိုင်ငံတော် သမ္မတကို ပါတီအနေဖြင့် လျာထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဆိုပါက လွှတ်တော်သို့ တင်ပြမည့် သမ္မတလောင်းမှာ မည်သူဖြစ်နိုင်မည် ဆိုသည်ကို ရိုက်တာ သတင်းဌာန သတင်းထောက် ဦးအောင်လှထွန်း မေးမြန်းခဲ့ရာ ယင်းသို့ ပြောကြားခဲ့သည်။ “မှန်ပါတယ်၊ လျာထားပြီးသား ရှိပါတယ်။ ဒါတွေဟာ အခုပြောလို့ မသင့်တော်ဘူးလို့ ထင်ပါတယ်”ဟု အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၇ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ် ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။ လက်ရှိ တည်ဆဲအစိုးရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွင်မည်သို့ ပါဝင်သည့်အပေါ် ဦးအောင်လှထွန်းက မေးမြန်းရာတွင်လည်း “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အမြဲစိတ်ကူး နေပါတယ်။ ဒီလိုဖော်ဆောင် နိုင်မယ့် အဖွဲ့အစည်းကို ပုံဖော် တည်ဆောက်တာ ဖြစ်ပါတယ်။ သို့သော်လည်း သူမပါပါဘူး”ဟု အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။ နိုင်ငံတော် သမ္မတကို သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ် တင်မြှောက် မည်ဖြစ်ပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည် တင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ရှိရာ ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယ သမ္မတတစ်ဦးစီးကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ထဲမှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး ပါဝင်သော သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့က နိုင်ငံတော် သမ္မတလောင်းများ ဖြစ်သည့် ဒုတိယ သမ္မတ သုံးဦးအနက် မိမိတို့ ကြိုက်နှစ် သက်သည့် ဒုတိယသမ္မတ တစ်ဦးကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၃)နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ အခန်းတွင် ဖော်ပြထားသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပါတီဝင် အင်အား ခန့်မှန်း ၁၆သန်းမှ ၁၈သန်း အကြားရှိကြောင်း သိရသည်။
@ Yatanarpon

အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများအား DDoS Attack ဖြင့် ဆက်လက် တိုက်ခိုက်လျက်ရှိ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့၏ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများအား အင်တာနက် သုံးစွဲသူများ သုံးစွဲနိုင်ခြင်း မရှိစေရန် ပြည်ပမှ တိုက်ခိုက်မှုများ အဆက်မပြတ် ဝင်ရောက် လျက်ရှိရာ ယနေ့ထိဆိုလျှင် သီတင်းပတ်(၄)ပါတ် ကြာမြင့်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ တိုက်ခိုက်မှု အတွက် ပူးပေါင်း ကာကွယ်နေသည့် နည်းပညာ ကုမ္ပဏီများ၏ အဆိုအရ ယခုဖြစ်စဉ်မှာ အဖွဲ့အစည်း တစ်ခု (သို့မဟုတ်) လူပုဂ္ဂိုလ် (၁)ဦး တစ်ယောက်မှ ငွေကြေး အမြောက်အများ အကုန်အကျခံ၍ ဆောင်ရွက် နေပုံရကြောင်း၊ တိုက်ခိုက်ပုံ နည်းလမ်းမှာ ရတနာပုံ Web Portal ကဲ့သို့ Web Server တစ်ခုခု (သို့မဟုတ်) Mail Server တစ်ခုခု (သို့မဟုတ်) ISP များ၏ DNS Server များကဲ့သို့ Services တစ်ခုခု ထိခိုက်အောင် တိုက်ခိုက်ခြင်းမျိုး မဟုတ်ကြောင်း အင်တာနက် သုံးစွဲမှု ရပ်ဆိုင်း သွားစေရန် တမင်ရည်ရွယ်ခြင်း ဖြစ်ပုံရကြောင်း တစ်ခါတစ်ရံ မိမိတို့၏ နိုင်ငံခြား Upstream Internet Exchange များတွင်ပါ Filter ပြုလုပ်၍ မနိုင်အောင်ပင် ပမာဏ ကြီးမားလှသဖြင့် ၎င်းတို့ပင်လျှင် စက်များထပ်မံ တပ်ဆင်နေရကြောင်း National Cyber Threat Level ဖြစ်နေကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ယခုအခါ Anti DDoS System စက်အချို့ ပြည်ပမှ ရောက်ရှိလာပြီ ဖြစ်၍ ပုံမှန် အင်တာနက် သုံးစွဲနိုင်ရန် သက်ဆိုင်ရာ အဖွဲ့များ အားလုံး ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး မကြာမီ ထပ်မံ၍ ပညာရှင်များ၊ လိုအပ်သော စက်များ ရောက်ရှိတပ်ဆင် ကာကွယ် တားဆီးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
Credit - www.yatanarpon.com.mm

Friday, November 5, 2010

မော်တော်ကား၊ ရထားနှင့် သင်္ဘောများတွင်ပါ ရွှေ့လျားစနစ်ဖြင့် ကြည့် ရှုနိုင်မည့် ဂြိုဟ်တုစနစ်သုံး ရုပ်သံလိုင်း ၃၈ လိုင်းကို နိုဝင်ဘာလ တတိယပတ် အတွင်း စတင် ထု

မော်တော်ကား၊ ရထားနှင့် သင်္ဘောများတွင်ပါ ကြည့်ရှုနိုင်မည့် ဂြိုဟ်တုစနစ်သုံး ရုပ်သံလိုင်းသစ် ၃၈ လိုင်းကို နိုဝင်ဘာလ တတိယပတ် အတွင်း စတင် ထုတ်လွင့်မည် ဖြစ်ကြောင်း ရွှေသံလွင်မီဒီယာမှ Chief Technical Officer ဦးမျိုးမင်းက ပြောကြားခဲ့သည်။ ဂြိုဟ်တု စနစ်သုံး ရုပ်သံလိုင်း ၃၈ လိုင်းကို မြို့နယ် ၃၃၀ မြို့နယ်တွင် ကြိုတင် ငွေပေးချေ ကတ်စနစ်ဖြင့် ရောင်းချနိုင်ရန် ကိုယ်စားလှယ်များ ခေါ်ယူမှု ပြုလုပ်ပြီးနောက် နိုဝင်ဘာလ တတိယပတ် အတွင်း စတင်ထုတ်လွှင့် ရောင်းချမှုများ ပြုလုပ်နိုင်ရန် စီစဉ်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ရုပ်သံလိုင်း ၃၈ လိုင်းကို ဂြိုဟ်တုစနစ်ဖြင့် ထုတ်လွှင့်မည့် DTH(Direct To Home) ၀န်ဆောင်မှုကို အများပြည်သူထံ မြန်မာနိုင်ငံ မြို့နယ် ၃၃၀ မြို့နယ်ရှိ ကိုယ်စားလှယ် များထံမှ တစ်ဆင့် ရောင်းချ ပေးသွားမည် ဖြစ်ပြီး အဆိုပါ ရုပ်သံ လိုင်းများ ဖမ်းယူကြည့်ရှုနိုင်ရန် လိုအပ်သည့် စလောင်းနှင့် ရုပ်သံဖမ်းစက်ကို ဈေးနှုန်းအားဖြင့် ငွေကျပ် ခြောက်သောင်း ၀န်းကျင် သတ်မှတ် ထားကြောင်း သိရှိရသည်။

''ကြိုတင် ငွေပေးချေကတ်ရဲ့ ဈေးနှုန်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ရုပ်သံဖမ်းစက်နဲ့ စလောင်းကိုတော့ အကြမ်းဖျင်း ဈေးနှုန်း ငွေကျပ် ခြောက်သောင်း ၀န်းကျင် သတ်မှတ် ထားပါတယ်။ ရုပ်သံလိုင်း တွေကိုလည်း နိုဝင်ဘာလ အတွင်း စတင် လွှင့်ပေး နိုင်ဖို့ စီစဉ်နေပါတယ်။ ဂြိုဟ်တု ရုပ်သံလိုင်း တွေကို ကြည့်ရှုနိုင်ဖို့ ကြိုတင် ငွေပေးချေကတ် တွေကို သက်ဆိုင်ရာ မြို့နယ် ကိုယ်စားလှယ်(RSP) တွေထံကပဲ ၀ယ်ယူရမှာ ဖြစ်ပါတယ်။ ဂြိုဟ်တုစနစ်နဲ့ လွှင့်တာဖြစ်လို့ မြန်မာနိုင်ငံအပြင် ဒေသတွင်း နိုင်ငံအချို့ကနေပါ ရုပ်သံလိုင်း တွေကို ဖမ်းယူကြည့်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်'' ဟု ပြောကြားခဲ့သည်။

SKYNET(DTH) စနစ်ဖြင့် ထုတ်လွှင့်သည့် ရုပ်သံလိုင်းများကို မော်တော်ယာဉ်၊ ရထားနှင့် သင်္ဘောများ ပေါ်တွင် ရွေ့လျားစနစ်ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် မြေပြင်အခြေစိုက် ထပ်ဆင့် ထုတ်လွင့်မှုကို Analogue စနစ်ဖြင့် ထုတ်လွှင့်မှုမှ DVB-T စနစ်ဖြင့် ထုတ်လွှင့်ရေးကို ၂၀၀၅ ခုနှစ်မှ စတင် ဆောင်ရွက် ခဲ့ကြောင်း၊ DVB-T ကွန်ယက်ကို Free to Air ရုပ်သံလိုင်းသစ်များ နှင့်ပူးပေါင်း တိုးချဲ့၍ Multi Channel ကွန်ရက်အသွင်ဖြင့် စီစဉ်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဖိုင်ဘာ ဆက်သွယ်ရေး စနစ်ဖြင့် အင်တာနက်စနစ်၊ ရုပ်သံလိုင်းနှင့် တယ်လီဖုန်းလိုင်းများ အသုံးပြုနိုင်မည့် Fiber To Home စနစ်ကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ၀န်ဆောင်မှု ပေးနိုင်ရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
@ Eleven

မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်း သိရ

5-11-2010. မြန်မာနိုင်ငံ၏ လက်ရှိသစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိ ယာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် ယခင်က သဘာဝသစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ယခုအချိန်တွင် ဆန်းစစ်လေ့လာမှုအရ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရသည်။ ယခုလက်ရှိ၌ မြန်မာနိုင်ငံတွင် လူဦးရေတိုးတက် များပြားလာခြင်း နှင့်အတူ သဘာဝ သစ်တောကြီးများမှ သစ်တော သယံဇာတများကို ထုတ်ယူသုံးစွဲမှု များပြားလာခြင်းတို့ ကြောင့် သစ်တော ပြုန်းတီးမှုများ ကြုံတွေ့လာရပြီး နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့ကျလာခြင်း ဖြစ်ကြောင်း သိရသည်။

"နောက်ဆုံး လေ့လာဆန်းစစ်မှု အရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ အရင်တုန်းကနဲ့ နှိုင်းယှဉ်ရင် လျော့လာပါတယ်။ လူဦးရေတိုးတက် များပြား လာတာနဲ့အမျှ သစ်တော သယံဇာတတွေကို ထုတ်ယူသုံးစွဲမှု များလာလို့ သစ်တော ဧရိယာတွေ လျော့လာတယ်။ ဒါဟာ လူဦးရေထူ ထပ်တဲ့ ကမ္ဘာ့နိုင်ငံ တွေမှာလည်း ကြုံနေရပါတယ်။ အခုဆိုရင် နိုင်ငံပိုင် သစ်တော စိုက်ခင်းတွေ၊ ပုဂ္ဂလိကပိုင် သစ်တော စိုက်ခင်းတွေ တည်ထောင် စိုက်ပျိုး ခွင့်ပြုပြီးတော့ သစ်တောပြုန်းတီး မှုတွေကို ကာကွယ်နိုင်ဖို့ အတွက် ကြိုးပမ်း ဆောင်ရွက် နေပါတယ်"ဟု သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့် နှစ်မှ ၂၀၀၅ ခုနှစ် အတွင်း သဘာဝ သစ်တောများ၏ အရည်အသွေး ကျဆင်း လာသောကြောင့် သစ်ထုတ်လုပ်သည့် တောများမှ သစ်ထုတ် လုပ်နိုင်စွမ်း မရှိသည့် သစ်တောများ အဖြစ်သို့ ရောက်ရှိ သွားသည့်ဧရိယာမှာ နှစ်စဉ်ဧက ၁ သန်းခန့်ရှိသည်။

ထို့ကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း သစ်တောဖုံးလွှမ်းမှု ပမာဏ တိုးတက် လာစေရန် တစ်နိုင်ငံလုံးတွင် နိုင်ငံတော်ပိုင် သစ်တော စိုက်ခင်း ၇၄၇၀၉၄ ဧက စိုက်ပျိုးခဲ့ပြီး ပုဂ္ဂလိက ကျွန်းစိုက် ခင်း ၁၄၀၆၄၉၊ ပုဂ္ဂလိက သစ်မာ မျိုးစုံ ၄၀၉၉၅ ဧကနှင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော ၁၁၅၂၀၇ ဒသမ ၇၄ ဧက တို့ကို တည်ထောင် စိုက်ပျိုး ခွင့်ပြုခဲ့ကြောင်း သိရသည်။ "သက်ရှိ သတ္တ၀ါ ဇီဝမျိုးစုံ မျိုးကွဲတွေ ရှင်သန်ဖို့နဲ့ ရာသီဥတုမျှတစေဖို့အတွက် သဘာဝ သစ်တောတွေက အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်နေပါတယ်။ ဒါကြောင့် သစ်တောတွေကို သစ်တောဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး စီမံအုပ်ချုပ်မှု တွေပြုလုပ် နေပါတယ်"ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝ သစ်တောများကို စီမံအုပ်ချုပ်နိုင်ရန် အတွက် ၁၉၉၂ ခုနှစ်တွင် သစ်တော ဥပဒေအသစ်နှင့် ၁၉၉၅ ခုနှစ်တွင် မြန်မာ့ သစ်တောမူဝါဒ တို့ကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး နှစ် ၃၀ အမျိုးသား သစ်တောကဏ္ဍ ပင်မ စီမံကိန်း တစ်ရပ်ကို ရေးဆွဲကာ အဖိုးတန်သစ်တော သယံဇာတများကို ထိန်းသိမ်းလျက်ရှိသည်။
@Eleven Media Group

လွှတ်တော်သစ်မှာ စစ်တပ် ကြီးစိုးမှုကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ဝေဖန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA)

2010-11-04. RFA.News. လွှတ်တော်ဟာ တပ်မတော်ကိုသာ လွှမ်းမိုးရမှာ ဖြစ်တယ် တပ်မတော်က ပြည်သူလူထုနဲ့ဖွဲ့ စည်းထားတဲ့ လွှတ်တော်ကို လွှမ်းမိုးတာဟာ နောင်အနာဂတ်မှာ သမိုင်းကြောင်း ကောင်းနိုင်မှာ မဟုတ်ဘူးဆိုပြီး NLD ခေါင်းဆောင် တဦးဖြစ်တဲ့ သူရဦးတင်ဦးက သူဖြတ်သန်းခဲ့ရတဲ့ တပ်မတော်ရဲ့ အခန်း ကဏ္ဍတွေနဲ့ နှိုင်းယှဉ်ပြီး စာတမ်း တစောင် ပြုစုကာ နိုဝင်ဘာ ၄ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်မှာ တာဝန် ထမ်းဆောင် ချိန်ကစပြီး ဒီကနေ့အထိ သူဖြတ်သန်း ကြုံတွေ့ခဲ့ရတဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ဒီစာတမ်းမှာ ရေးသားထားပါတယ်။ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ခေါ် ယူဖို့အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်က တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ အဲဒီနောက် ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ဆောင်ရွက် နေချိန် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ကျင်းပနိုင်ဖို့ တပ်မတော်သားတွေ လိုက်နာရမဲ့ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်ခဲ့ပုံတွေ၊ ၁၉၅၆ ခုနှစ်ကစပြီး တပ်မတော်မှာ နိုင်ငံရေးတွေ ပါဝင်ပတ်သက် လာခဲ့တာကြောင့် အမဲစက်တွေ စွန်းထင်းခဲ့ရပုံတွေ နဲ့ ၁၉၆၀ ရွေးကောက်ပွဲ နောက်ပိုင်း မဆလပါတီ ပျက်သုဉ်းခဲ့ရပုံတွေကို ပြောပြထားပါတယ်၊၊

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၆ ခု စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖွဲ့

တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)

2010-11-04. RFA. News. တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲအလွန် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်အဖြစ် ကော်မတီတရပ်ကို ထိုင်းမြန်မာနယ်စပ် တနေရာမှာ နိုဝင်ဘာ ၄ ရက် ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီလို့ အမည်ပေးထားတဲ့ အဲဒီကော်မတီကို တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့က ခေါင်းဆောင်တွေက ဖွဲ့စည်းတာဖြစ်ပြီး ၆ ဖွဲ့ထဲမှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်ထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန် ထားကြတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ၊ NMSP မွန်ပြည်သစ်ပါတီ ၊ SSA ရှမ်းပြည်မြောက်ပိုင်း တပ်မတော်တို့ ပါဝင်သလို ၊ စစ်အစိုးရနဲ့ လက်နက်ကိုင်တိုက်နေဆဲ KNU ကရင်အမျိုးသား အစည်းအရုံး ၊ KNPP ကရင်နီ တိုးတက်ရေးပါတီ ၊ CNF ချင်းအမျိုးသား တပ်ဦးတို့လည်း ပါဝင်ကြောင်း သိရပါတယ် ။

ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီမှာတော့ ဥက္ကဋ္ဌအဖြစ် KIO အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ ၊ ဒုဥက္ကဋ္ဌအဖြစ် KNU အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးစေဖိုး ၊ အတွင်းရေးမှူးအဖြစ် မွန်ပြည် သစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ၊ တွဲဖက် အတွင်းရေးမှူးအဖြစ် KNPP အဖွဲ့က ဦးရွှေမျိုးသန့်တို့နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီအနေနဲ့ ဖယ်ဒရယ် တပ်မတော်တရပ် ဖွဲ့စည်းနိုင်ရေးအတွက် အလေးထား ဆောင်ရွက် သွားမယ်လို့ အမည်မဖော်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တဦးက RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲအလွန် ကာလတွေမှာ စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်လာရင် အခု ဖွဲ့စည်းထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီပါ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ရေးအရ ဟန်ချက်ညီညီ ပူးပေါင်း လှုပ်ရှားသွား မယ်လို့လည်း သိရပါတယ်။

Tuesday, November 2, 2010

ရွှေတိဂုံ ပုံတူစေတီ အင်ဒိုနီးရှားမှာ ဖွင့်လှစ်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ ရင်ပြင်တော် မြင်ကွင်း ဖြစ်ပါသည်။ (Photo: AFP)
01/11/2010. RFA. News. မြန်မာနိုင်ငံက ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူအတိုင်း တည်ခဲ့တဲ့ စေတီတော်ကို အင်ဒိုနီးရှားနိုင်ငံ စုမာတြကျွန်း မြောက်ပိုင်းမှာ တနင်္ဂနွေနေ့ က တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ရာမှာ အာရှတိုက် တခွင့်က ဗုဒ္ဒဘာသာ ရဟန်းတော်တွေ တက်ရောက် ကြည်ညိုတော် မူခဲ့ကြပါတယ်။

ပုံတူပွား စေတီတော်ရဲ့ ဘွဲမည်ရည်ကို ရွှေတိဂုံစေတီလို့ပဲ ခေါ်ဆိုကြောင်း သိရပါတယ်။ ရွှေတိဂုံ စေတီပွားကို အင်ဒိုနီးရှားနိုင်ငံ စုမာတြကျွန်း မြောက်ပိုင်း၊ ကာရို ခရိုင်ခွဲ၊ တန်ဂိုရွာ၊ လုမ္ပနီ ဥယျာဉ်မှာ လွန်ခဲ့တဲ့ ၃ နှစ်က စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ဘာရာတဂျီ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဒေသ အနီးမှာ ရှိပါတယ်။ ရွှေတိဂုံ ပုံတူစေတီကြောင့် ကောင်းကျိုး မင်္ဂလာတွေ ဖြစ်ထွန်းလာသလို ၊ ခရီးသွားလုပ်ငန်း အတွက်လည်း အကျိုးဖြစ်ထွန်း လိမ့်မယ်လို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှား သာသနာရေး ဝန်ကြီးက ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ ရွှေတိဂုံ ပုံတူစေတီကို ဗုဒ္ဒဘာသာ အဖွဲ့အစည်းတွေရဲ့လှူဒါန်းငွေနဲ့ တည်ဆောက်ခဲ့ပြီး ဉာဏ်တော် ၁၅၄ ပေ မြင့်တယ်လို့ သိရပါတယ်။

Monday, November 1, 2010

ရွေးကောက်ပွဲ တရားမျှတမှုမရှိသည်မှာ ထင်ရှားကြောင်း နိုဘယ်ဆုရှင်ပြောကြား

01/11/2010. RFA.News. မြန်မာနိုင်ငံက ရွေးကောက်ပွဲကို တရားမျှတမှုရှိမရှိ စောင့်ကြည့်ဖို့ မလိုကြောင်း နဂိုကတည်းက တရားမျှတမှုနဲ့ သန်းရှင်းမှု မရှိ ဖြစ်နေတာ အထင်အရှား ဖြစ်တယ်လို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တဦးဖြစ်တဲ့ Ms Jody Willams က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲအပေါ် အထူးသံသယရှိကြောင်း သြစတြေလျပြော

2010-10-31. RFA.News. စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ နည်းတူ သြစတြေလျ နိုင်ငံအနေနဲ့ အထူး သံသယ ဖြစ်မိကြောင်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဒီကနေ့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့ ဥပဒေတွေအောက်မှာ ကျင်းပတာဖြစ်ပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ တွေဟာလည်း တင်းတင်းကြပ်ကြပ် ကန့်သတ် ခံနေကြရကြောင်း၊ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လေ့လာသူတွေကို ပိတ်ပင်ထားကြောင်း၊ နိုင်ငံရေး ပါတီ ၁၁ ပါတီ ဖျက်သိမ်း ခံထားရသလို ပါတီ အတော်များများလည်း မှတ်ပုံတင်ခွင့် မရခဲ့ကြောင်း သြစတြေလျ နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အနေနဲ့ စည်းရုံးလှုပ်ရှားခွင့် ကန့်သတ်ခံထားရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်လည်း အကျဉ်းကျနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း Mr. Rudd က တောင်းဆိုလိုက်ပါတယ်။

ရလာတဲ့ အခွင့်အရေး အနည်းငယ်ကို ယူပြီး ရွေးကောက်ပွဲဝင်မယ့် အစိုးရနဲ့ မသက်ဆိုင်တဲ့ ပါတီ ၃၇ ပါတီရှိပြီး ဒီ ပါတီတွေ အပေါ်မှာလည်း ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ပါတီတွေနည်းတူ သြစတြေလျက လေးစားကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တချိန်ထဲမှာ အာစီယံအဖွဲ့မှာ အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ၾသစေၾတလ် အစိုးရက ၾသစေတလ် ဒေါ်လာ ၄၈ သန်းကျော် ကူညီခဲ့သလို ဂီရိမုန်တိုင်း ဘေးအတွက် ကနဦးအလှူငွေ ဒေါ်လာ ၂ သိန်း ထောက်ပံ့ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။