Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း လူ ၁ သိန်းခန့် တက်ရောက်နားထောင်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာ ပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာပြီး ပြည်သူများကို နှုတ်ဆက်နေစဉ်။ (Photo: AFP)

2010-11-14. RFA NEWS.နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့မှာ ၇ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို ဒီကနေ့ နေ့လည် မိန့်ခွန်း ပြောကြားရာမှာ ပရိသတ် ၁ သိန်းကျော် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

သူ့အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အမြဲ ကြိုးပမ်းမှာ ဖြစ်သလို တွေ့ဆုံ ဆွေးနွေး ဖို့လည်း ဆန္ဒရှိကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲ ၀င်သွားမှာ ဖြစ်ကြောင်း ဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ သူ့မှာ သြဇာအာဏာ ရှိတယ်ဆိုရင် ဒီ သြဇာအာဏာကို ဒီအရေး နှစ်ရပ်အတွက် အဆုံးစွန်အထိ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ တနာရီ နီးပါး ကြာတဲ့ ဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အားလုံး အလုပ် တွဲလုပ်ဖို့ လိုကြောင်း၊ ကွဲပြားနေတဲ့ ဒီမိုကရေစီ အင်အားစု တွေနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း၊ သူ့အနေနဲ့ အစိုးရ အပေါ်မှာလည်း အာဃာတ အငြိုးအတေး မထားရှိကြောင်း၊ လုံခြုံရေး အရာရှိတွေဟာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ ကြောင်းလည်း ပါရှိပါတယ်။ တချိန်ထဲမှာ မြန်မာပြည်သူ တွေက ဆန္ဒရှိရင် မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာက ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး ဖယ်ရှားသွားအောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

No comments: