Saturday, August 21, 2010

ချောင်းကြည့်သူရဲ့ အမှား-အမှတ် ၂၅(ကိုကြီးပေါ်)

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ မိုးဥတုဟာ အရေးပါတဲ့ ကာလတခု ဖြစ်လေ့ရှိပါတယ်။ ဆန်စပါးကို အဓိက အားထားရတဲ့ ရွှေပြည်တော် ဖြစ်တာမို့ မိုးအခါမှာ လယ်ယာလုပ်ငန်းကို အားစိုက်ခွန်စိုက် လုပ်ကြရလေ့ ရှိပါတယ်...မိုးမှာ စိုက်မှ ဆောင်းမှာ ရိတ်နိုင်မှာ မဟုတ်လား။ မိုးလွန်မှ ထွန်ချလို့ မရဘူးလေ။

အဲသည့် မိုးအခါမှာပဲ မြန်မာ့နိုင်ငံရေး မုန်တိုင်းတွေ ထန်ခဲ့လေသပေါ့။ ရွေးကောက်ပွဲ နှစ်ပတ်လည်, ဒေါ်စုမွေးနေ့, ဆဲဗင်းဇူလိုင်, အာဇာနည်နေ့, ရှစ်လေးလုံး, စက်တင်ဘာ ၁၈, ရွှေဝါရောင် စတာတွေ စီကာစဉ်ကာပါပဲ။

ဒီလို နိုင်ငံရေး မုန်တိုင်းထန်ချိန်မျိုးမှာ နိုင်ငံအုပ်ချုပ်တဲ့ ဗိုလ်ချုပ်မင်းကြီးများကတော့ ရွှေပြည်တော်ကြီး တိုးတက် သာယာ ဖွံ့ဖြိုး ကြီးထွား ပေါက်ပြဲ နေပုံများကို တိုင်းခန်းလှည့်လည် ကြည့်ရှုတော်မူတတ်ပါတယ်။ဒီနှစ်မှာတော့ ကြပ်ပြေးလိုဏ်ခေါင်းများကို အစိုးရတော်မူသော ဗိုလ်ချုပ်မင်းကြီးက မဇ္စျိမဒေသသို့ တိုင်းခန်းလှည့်လည်တော် မူတယ်ခင်ဗျ။

ကိုကြီးပေါ်လည်း တရုတ်-၀ုခုန်းရဲ့ မဇ္ဈိမခရီးနဲ့ ရွှေ-၀ုခန်းရဲ့ မဇ္စျိမခရီး ဘယ်လိုနေသလဲလို့ ချောင်းကြည့်လိုက်မိတယ် ခင်ဗျ။

(ဆင်ဖြူယောင် ဂါတဲ့အခါ)
ရွှေပြည်တော် အနောက်ဖက်က ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ ကုလားပြည်ဟာ ဗိုလ်ချုပ်မင်းကြီးများနဲ့ နှစ်ပြည့်တပြည် ပလူးပလဲ လုပ်နေတာ နှစ်အတော်ကြာပါပြီ။ အရင်တုန်းကတော့ ဒီမမိုရင် ကရေ မစီဘူး ရယ်လို့ ခတ်တင်းတင်း နေခဲ့လေသပေါ့။ ဒါပေမယ့် ဗိုလ်မင်းများကို အရှေ့ဖက် တရုတ်ကြီးက “ပေါက်ဖော်” လုပ်တော့ အနောက်ဖက် ကုလားကြီးကလည်း “ဆွေမျိုး” လုပ်လာရတာပါပဲ။

အဲ… ကြားထဲက နအဖကို တရုတ်နဲ့ ကုလားက တယောက်တဖက် ဆွဲနေကြပေမယ့် သူတို့ချင်းတော့ လက်ချင်းတိုက်ရိုက် ဆွဲမဆွဲ မသေချာဘူး ခင်ဗျ။
အခု ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ကို ဒုတိယမ္ပိ ကြွတော်မူတာကို “ချစ်ကြည်ရေး”လို့ ခေါင်းတပ်ထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ခေါင်းတပ်တပ်ပါလေ နောက်ဆုံးတော့ ဆွေမျိုး-ပေါက်ဖော် ပြဇာတ်ကကြတာပဲ ဆိုတာ အားလုံး သိပြီးသားရယ်ပါ။ ဒီခရီးမှာ သဘောတူ စာချုပ်တွေ, နားလည်မှု စာချွန်လွှာတွေ တထပ်ကြီး လက်မှတ် ရေးထိုးကြပါတယ်။ တရုတ်ဖက်က ကြိုးတချောင်း တင်းရင် ကုလားဖက်ကလည်း ကြိုးတရစ် တင်းရပေမပေါ့။

ဒီခရီးမှာ နိုင်ငံရေးအရ ဘာညာဘာညာ ဆိုတာတွေထက် အများသူငါ စိတ်ဝင်စားတာကတော့ “ငွေရောင်ပ၀ါ” ဖက်ရှင်နဲ့ “ဂန္ဒီဂျီးဗိမာန်”ကို ဂါရ၀ါပြုတာပါပဲ။ဗုဒ္ဓဂါယာမှာ ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကတော်တို့ ဘုရားဖူးကြတဲ့အခါမှာ ငွေရောင်ပ၀ါ လည်မှာ စုံချထားတဲ့ ဖက်ရှင်အသစ်ကို တွေ့လိုက်ရပါတယ်။

အင်း… ဘုရားဖူးတဲ့အခါ ပခုံးပေါ်မှာ တင်တဲ့ အ၀တ်ဆိုတော့ တဘက် ခေါ်ရမလားပဲ။ သို့သော် တဘက်ဆိုရင် ပခုံးတဖက်တည်းမှာ တင်ချင်တင် ဒါမှမဟုတ် ညာချိုင်းအောက်ကနေ ဘယ်ပခုံးထက်ကို ရစ်သိုင်းပြီး လက်ကတော့ထိုးရင်ထိုး ဒီလို လုပ်ကြလေ့ ရှိတယ် မဟုတ်လား။ ခုနှယ် လည်ပင်းမှာ ဘယ်ညာစုံချထားတော့ ပ၀ါလား မာဖလာလား တဘက်လား ဘယ်လို ခေါ်ရမယ် မသိ။ ထားပါတော့။ ဒီဇိုင်း အသစ်လို့ပဲ ဆိုကြပါစို့။

အဲသည် ဒီဇိုင်းအသစ် ဖျတ်ခနဲ ပေါ်လာတာနဲ့ ဗိုလ်ချုပ်မင်းကြီးကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ရွှေပြည်တော်သားတွေက လှစ်ခနဲ မြင်ပြီးသားပဲ။ မြင်လျှင်မြင်ချင်းပဲ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဆက်တိုက် ပေါ်လာတာပါပဲ။ ဒါ ယတြာချေတာ…။ ငွေရောင်ဆိုတာ ဘာလဲ…။ ဘာလို့ လည်မှာ စုံချတာလဲ…။ လဲ လဲ လဲ … အောက်မလေး ဖွင့်ဆိုချက်တွေ မေးခွန်းတွေ တသီကြီးကို ထွက်လာတော့တာပါပဲ။ ကိုကြီးပေါ်တောင် မူးနောက်သွားတယ်။ဟိုလိုဒီလို ပြောကြတာတွေကို ကိုကြီးပေါ် ပြန်ပြောမနေတော့ပါဘူး။ သိချင်ရင် ရှာသာဖတ်ကြည့် လက်တို့မေးကြည့် ကြပါတော့။

မိုးသောက်ကြယ် ပရိသတ်ကိုတော့ သို့လောသို့လောတွေ အတွေးပွား မနေရအောင်လို့ ကိုကြီးပေါ်က တခါတည်း ပြောလိုက်ပါ့မယ်။ မှတ်ထားလိုက်ကြပေတော့။တကယ်က ဗိုလ်ချုပ်မင်းကြီး မောင်နှံ ငွေရောင်ပ၀ါ လည်မှာ စုံချတာဟာ “ငါတို့ ဆင်ဖြူသခင်” ဖြစ်ပြီလို့ သင်္ကေတနည်းနဲ့ ဖော်ပြလိုက်တာပါပဲ။

ဆက်စပ်ကြည့်လေ။ မကြာသေးခင်က ဆင်ဖြူရတယ်လို့ ကြေညာတယ် မဟုတ်လား။ ဆင်ဖြူသခင် ဖြစ်ကြောင်း ကြွားဖို့ရာ ကြံနေတုန်းမှာ ကုလားပြည် သွားဖို့ကိစ္စ ပေါ်လာတယ်လေ။ ကုလားပြည်ဆိုတာလည်း ဆင်ဖြူရောဂါ ကိုယ်တွင်းပါ နိုင်ငံပဲ မဟုတ်လား။ ဒီကုလားတွေကိုတော့ ငါဟာ ဆင်ဖြူသခင်ပဲဟေ့လို့ ပြောမှဖြစ်မှာပေါ့။

အင်း… ခက်တာက ဆင်ဖြူရကြောင်း ပေါ်တင်ကြီး ပြောရမှာလည်း နည်းနည်း ခက်သလေ။ ဒီတော့ သင်္ကေတနည်းနဲ့ ပြမှပဲဆိုပြီး ငွေရောင်ပ၀ါကို လည်မှာ စုံချလိုက်တာပေါ့။ ငွေရောင်ဆိုတော့ ကြည့်လိုက်ရင် ဆင်စွယ်နှစ်ဖက်လို ထင်ရတာပေါ့။ ဘုရားကန်တော့တဲ့အခါ ခေါင်းလေးအငုံ့ ပ၀ါနှစ်ဖက် ဖျတ်ခနဲအမ ဆိုရင် ဆင်တကောင်အလား တသားတည်းပေါ့။

အဲသလို ဗိုလ်ချုပ်မင်းကြီးက ဆင်ဖြူရှင်ဖြစ်ကြောင်း သင်္ကေတ ပြလိုက်တာကို ဟို ကုလားတွေကလည်း ရိပ်မိတယ် ခင်ဗျ။ သြ… ဒင်းက ဆင်ဖြူရှင်ဆိုပြီး ငါတို့ကို လာကျောတာပေါ့လေ၊ ဒါမျိုးတော့ ဘယ်ရမလဲ၊ ဒီကောင့်ကို ပြန်ဦးနှိမ်မှလို့ ကုလားကလည်း ပြန်တွက်တာပေါ့။ ဒီမှာတင် မဟတ္တမ ဂန္ဒီဂျီးဗိမာန်ကို ဂါရ၀ ပြုဖို့ စီစဉ်လိုက်တော့တာပါပဲ။

ဂန္ဒီ ဆိုတာက လက်နက်မကိုင်တဲ့ ငြိမ်းချမ်းရေးသမား။ နအဖ စစ်ဗိုလ်ချုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဗိုလ်ချုပ်မင်းကြီးကလည်း လက်နက်မဲ့ ငြိမ်းချမ်းရေးသမားကို အထင်ကြီး လေးစားတာ မဟုတ်ပါဘူး။ သိပ်တော့ သွားချင်တာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဂန္ဒီဂျီးကို “ဂါ”လိုက်ရင် “ခွင်”တည့်မယ် ဆိုတာနဲ့ သွား ဂါတာပါ။

ရွှေပြည်တော်မှာ ဘာလုပ်ချင်သလဲ၊ သက်ဆိုင်တဲ့ “အဘ”ကို “ဂါ”လိုက်၊ အားလုံး အိုကေ။ အဘ ဆိုတာက စစ်ဗိုလ်ချုပ်ကြီးများကို ဆိုလိုတာ။ ဂါတယ် ဆိုတာက ဂါရ၀ ရဲ့ အတိုကောက်။ “ကျနော် အဘကို ဂါရ၀ ပြုချင်လို့ပါ” ဆိုပြီး အဘကတော် ဆီမှာ အထုပ်လိုက်, အချောင်းလိုက်, အတံလိုက်, အပွင့်လိုက် ဂါရတယ်တဲ့။

အမလေး ကိုကြီးပေါ်ကို မဟုတ်တယုတ်တွေ ရေးတယ်လို့ ချော်မတွေးနဲ့နော်။ အထုပ်လိုက် ဆိုတာ ပိုက်ဆံ၊ အချောင်းလိုက် ဆိုတာ ရွှေ၊ အတံလိုက် ဆိုတာ ကားသော့ အိမ်သော့၊ အပွင့်လိုက် ဆိုတာ စိန် ကိုပြောတာပါ။ကုလားပွဲစားက ဂန္ဒီဂျီးကို ဂါလိုက်ပါလို့ တိုက်တွန်းတာနဲ့ သွားဂါကြတာ။ သူတို့က ရွှေပြည်တော်မှာလိုပဲ ခွင်တည့်ချင်ရင် အရင် ဂါရမယ် အမှတ်နဲ့ သွားဂါတာ။ သူ့အတွေးနဲ့သူ အိုကေ။ အဟဲ… ကုလားကလည်း သူ့အကြောင်းနဲ့ သူပါပဲ။

ဂန္ဒီဂျီးက ပွဲကြီးလမ်းကြီးတွေဆိုရင် ဆင်စီးပြီး သွားလေ့ ရှိတယ်လေ။ ဒီအချက်ကိုတော့ ဂိမ်းဆော့ဖို့နဲ့ ကွမ်းဝါးဖို့လောက်ပဲ ၀ါသနာပါတဲ့ ဗိုလ်ချုပ်မင်းကြီးတို့ ဘယ်သိပါ့မလဲ။ သူ့နားက လူတွေလည်း မသိပါဘူး။ ဂန္ဒီဆိုတဲ့ နာမည်တောင် ကြားဖူးတာမှ မဟုတ်တာ။ ဒီတော့ ဆင်ဖြူယောင် ဖန်ဆင်းပြတဲ့ ဗိုလ်ချုပ်မင်းကြီးကို ဆင်စီးတဲ့ ဂန္ဒီရှေ့မှာ ဦးညွှတ်ခိုင်းလိုက်တာက ကုလားရဲ့ တန်ပြန် ယတြာပါတဲ့ ခင်ဗျား။

ပြီးတော့မှ ဂန္ဒီက သူ့မြေး လူမမယ်လေးအတွက် ရေးပေးခဲ့တဲ့ ဆုံးမစာကို ဗိုလ်ချုပ်မင်းကြီး ဆင်မောင်နှံကို လက်ဆောင်ပေးတယ်တဲ့။ ရွှေပြည်တော်ကြီးမှာ သွားလေရာ လမ်းညွှန်, ရောက်လေရာ သြ၀ါဒပေး, ရွှေပြည်သားတွေ စည်းကမ်းရှိဖို့ နေ့စဉ် ဆုံးမနေတော်မူတဲ့ အပူဇော်ခံ အကန်တော့ခံ ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ရောက်မှ ၀ဋ်လည်တော့တာပါလား။ ဆုံးမစာ လက်ခံခဲ့ရသတဲ့။

သြ… မလိမ်မိုး မလိမ်မာ လေးတွေမို့ ကုလားက ဆုံးမယ်တယ် ထင်ပါရဲ့။ အဲ… ဆုံးမစာက လူမမယ် မြေးအရွယ် အတွက်ရေးခဲ့တာ ဆိုတော့… ကောင်လေးနဲ့ ကောင်မလေး မင်းတို့ ကလေးပဲ ရှိသေးတယ်လို့များ ဆိုချင်လေသလား။

ကဲ… ကိုကြီးပေါ် ချောင်းကြည့်လိုက်တာ အမှားတွေ တသီချည်းပါပဲလား။ ဒီတခေါက် ကုလားရဲ့ လုပ်နည်းကားက တွေးစရာလေးတွေ ချန်ထားခဲ့လေတော့ နောက်တခါ တရုတ်ပြည်ကို သွားတဲ့အခါ ဆင်မောင်နှံ အဖို့ ဆွန်ယက်ဆင်တို့ မော်စီဒုံးတို့ရဲ့ ဆုံးမစာကလေးတွေများ လက်ဆောင် ရလိမ့်ဦးမလား ထင်မိပါရဲ့။

ကိုကြီးပေါ်
http://www.moethaukkye.co.cc/2010/08/blog-post_16.html မှကူးယူဖေါ်ပြသည်

Tuesday, August 17, 2010

ဂျပန် လ.၀.က တံခါးကြီး ဖွင့်တော့ထားသည်...(ရွှေမြိုင်အောင်)

''ပူနောင် ပူနောင် ဂျိမ်းဂျိမ် ဝါကာ ဝါ့ကာ ဟေး ဟေး'' သီချင်းက လေးနဲ့ ၄ နှစ်တကြိမ်ကျင်းပ နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးလည်း ပြီးသွားခဲ့ပါပြီ။
ဒီသီချင်းကို ရွှေမြိုင်အောင်စကြားစဉ်က မြန်မာ့ နတ်ဆိုင်းကို ကော်ပီကူးထားသလိုထင်မိတာကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံးကို မူပိုင်ခွင့်အတွက် အဆိုတော်ရှက်ကီရာကို တရားစွဲလျော်ကြေးတောင်းဖို့ အကြံပေးရင်ကောင်းမယ်လို့တွေးနေတုန်း 'ဂိုးဒင်း ဆောင်း'ဆိုတဲ့ ကင်မရွန်း အဆိုတော်အဖွဲ့ရဲ့ 'ဇန်ဂျီ လဲဝါ'သီချင်းကို တစိတ်တပိုင်းကော်ပီကူးထားတယ် ဆိုပြီး လျော်ကြေးပေးဖို့ တရားစွဲထားတယ်ဆိုတော့ ရွှေမြိုင်အောင်ရဲ့အကြံကို အကောင်အထည်မဖော်ဖြစ်ခဲ့ တော့ပါဘူးခင်ဗျာ။

အော်-ကမ္ဘာ့ ဖလားဘောလုံးပြိုင် ပွဲသီချင်းလဲ ကော်ပီကြီးပါလားခင်ဗျား။
အဲဒီလိုကော်ပီကိစ္စတွေဟာ ဒီနှစ်ရဲ့ ရှန်ဟိုင်းကုန် စည်ပြပွဲမှာ တမျိုးပြီးတမျိုး၊ မထူးပေမဲ့ဆန်းအောင် တွေ့မြင်ကြားသိနေရပါတယ်။
ကုန်စည်ပြပွဲ မြှင့်တင် ရေးသီချင်းက ဂျပန်မူရင်းသီချင်းကိုကော်ပီလုပ်တာ၊ ပြပွဲရဲ့လာဘ် ကောင်ရုပ်ဟာ အမေရိကန်တီဗွီစီးရီးဇာတ်ကောင်အရုပ်ကို ပုံစံပြောင်းထားတာ၊ နောက်ပြီး တရုပ်ပြည်ကပြခန်းတခုရဲ့အဝင်မဏ္ဍပ်ပုံစံ ဟာ စပိန်ကုန်စည်ပြပွဲတုန်းက ဂျပန်ရဲ့မဏ္ဍပ်ပုံစံကို ကူးထားတာဆိုပဲ။

တော်တယ်ဗျာ။ အတုလုပ်တဲ့နေရာမှာတော့ တရုပ်ကအရမ်းတော်၊ အရမ်း မြန်ပါတယ်။ ဒီလိုတော်လွန်းလို့ ရွှေနိုင်ငံတော်က ကြက်ဆူဘုရင်ကြီးနဲ့ နောက်လိုက်တွေ ''တရုပ်ကိုရိုသေ နန်းသက်ရှည်''ဆိုတဲ့ယတြာကိုစွဲ ကိုင်လို့ နိုင်ငံအရင်းမြစ် တွေကို အထူးလျော့ဈေးနဲ့ပဏ္ဏဆက်နေလေရဲ့။ ဟုတ်တယ်ဟုတ်...

မြန်မာပြည်ကကြက်ဆူဘုရင်နဲ့အဖွဲ့ဟာ တရုတ်ကိုကိုးကွယ်ချိန်မှာ ဂျပန်အစိုးရကလည်း တရုတ်နိုင်ငံသားတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး အုပ်စု လိုက်အလည်အပတ်ဗီဇာ(Group Tourist Visa)ကို ကန့်သတ်ချက်တွေ အများကြီးလျော့ပေါ့လို့ လွယ်လွယ်ကူကူထုတ်ပေးလေရဲ့။

ခရီးသွားဧည့်သည်ဖလှယ်ရေးအစီအစဉ်ကို တရုတ်နိုင်ငံနဲ့ပြုလုပ်ပြီး ချိန်ကစလို့ တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာခဲ့တဲ့စာရင်းကို ကြည့်ကြည့်ပါ။ မနှစ်ကဆိုရင် တမြန်နှစ်ထက် ၁၂%ပိုခဲ့ပြီး ဒီနှစ်ဆိုရင် လည်း မနှစ်ကထက် ၁၄.၈%တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျ။ တရုတ်ဘက်ကအဝင်ဦးရေတိုးလာပေမဲ့ အရင်တုန်းက ဂျပန်ကိုအလည် အပတ်များခဲ့တဲ့ တောင်ကိုရီးယားကတော့ စံချိန်ဟောင်း ၂၈.၅ ရာခိုင်နှိုန်းဝင်ရောက်ခဲ့ရာက ယခု ၂၃.၄ ရာခိုင်နှုန်းသာဝင်တော့သာကြောင့် ဂျပန်လည်း မြန်မာ လူရွှင်တော်ပြက်လုံးစကားလို 'တရားအားထုတ်-တရုပ်အားထား' နေရပြီလို့ ထင်ရပါတယ်။

တကယ်ဆိုရင် ဂျပန်ဟာ ကမ္ဘာပေါ်မှာ အခြေကျနေ ထိုင်သူတွေကို နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီးမရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံပါ။
၂ဝဝ၆ ခုနှစ်ကဆို နိုင်ငံခြား သား ၇ သိန်း ၅ သောင်းကျော်ဟာ ဂျပန်မှာ ကျွမ်းကျင်လုပ်သား ပညာရှင်တွေနဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒီပမဏာ ဟာ ဂျပန်တနိုင်ငံလုံးမှာအလုပ်လုပ်နေတဲ့ လုပ်သား အင်အားရဲ့ ၁.၁%သာရှိတယ်ဆိုတော့ အခြေကျနေ ထိုင်တဲ့ ကျွမ်းကျင်လုပ်သားအင်အား၈.၅%ရှိတဲ့ ဂျာမဏီ၊ ၁၅.၆%ရှိတဲ့ အမေရိကန်တို့နဲ့နှိုင်းယှဉ်ကြည့် ရင် ဂျပန်ရဲ့အနေအထားကိုသိနိုင်ပါတယ်။

ဂျပန်အစိုးရက လာမဲ့ဆယ်နှစ်အတွင်းမှာ ယခုရှိနေ တဲ့ ကျွမ်းကျင်လုပ်သားပမဏထက် လူဦးရေ ၂ သိန်း လောက်အထိတိုးပြီး ခွင့်ပြုဖို့ပြင်ဆင်နေပါတယ်လို့ ပြောလာပါတယ်။ နိုင်ငံခြားသားကျွမ်းကျင်လုပ်သား အင်အားတိုးချဲ့ခန့်ထားဖို့တခုတဲမဟုတ်ပဲ နောက် ၁ဝ နှစ်ဖြစ်တဲ့ ၂ဝ၂ဝ ခုနှစ်မှာ တိုးရစ်အယောက်ပေါင်း သန်း ၂ဝ ကနေ ၂၅ သန်းအထိ ဝင်ရောက်လာနိုင်ဖို့ စီမံကိန်း ချမှတ်ပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုလာပြန်ပါ တယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ကဝင် ရောက်ခဲ့တဲ့ တိုးရစ်အရေအတွက်ထက် ၄ ဆလောက်ပို လာမယ်မဟုတ်ပါလားခင်ဗျား။ အဲဒီ ၂၅ သန်းလောက်ရှိတဲ့တိုးရစ်တွေ ဂျပန်ကိုဝင်လာရင် သူတို့ကြောင့်ရလာမယ့် ၁ဝ တြီလျံယန်းရနိုင်ပြီး အလုပ် အကိုင်အခွင့်အလန်း ၅ သိန်း ၆ သောင်းလောက်ပေါ်လာမယ်လို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေပါသတဲ့။ ကောင်းလှပါဘိ။

ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဂျပန်မှာအခြေကျနေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီလိုပြင်ဆင်ပေးခဲ့တဲ့အတွက် အရင်ကဥပဒေ ၁၈ ခုသာရှိခဲ့ရာမှ ယခုဆို ၂၇ ခုထိ တိုးလာခဲ့တယ်တဲ့ခင်ဗျ...
ပြင်ဆင်တိုးချဲ့လိုက်တဲ့အထဲက အများစိတ်ဝင်စားနှစ်သက်ခဲ့တာက ဗီဇာသက်တမ်းကိစ္စပါ။ အရင်ကဆို အခြေကျနေထိုင်ခွင့်ဗီဇာကို အများဆုံး သက်တမ်း(၃)နှစ်သာခွင့်ပြုခဲ့ပေမဲ့ အခုဆိုရင် ဥပဒေသစ်အရ ၅ နှစ်အထိ သက်တမ်းခံစားခွင့်ရှိလာမှာဖြစ်တဲ့အကြောင်းရယ်၊
နောက်တခုက ဂျပန် နိုင်ငံကနေ တခြားနိုင်ငံတခုခုကိုခေတ္တထွက်ခွာသွားခဲ့ရင် 'Re Entry' ပါ ပစ်ယူစရာမလိုပဲ ဝင်ထွက်သွားလာနိုင်တယ်ဆိုတဲ့ အချက်တွေပါတဲ့ခင်ဗျ။

စိတ်ပျက်စရာဥပဒေပြင်ဆင်ချက်က နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စပါ။ သိတဲ့အတိုင်း အရင်ကဆို နိုင်ငံခြားသားစီစစ်ရေးကဒ်ကို သက်ဆိုင်ရာမြို့ နယ်ရုံးက တာဝန်ယူပြုလုပ်ပေးပေမဲ့ ဥပဒေသစ်အရ လ.ဝ.ကရဲ့ ရာနှုန်းပြည့် ထိန်းချုပ်မှုနဲ့ပြုလုပ်မယ်ဆိုတာပါပဲခင်ဗျ။

ဂျပန်နိုင်ငံမှာရှိတဲ့ ဒေသဆိုင်ရာလ.ဝ.ကရုံးတွေမှာ နေ့စဉ် 'Re Entry' ပါပစ်ကိစ္စနဲ့ ဗီဇာသက်တမ်းတိုးကိစ္စပေါင်း အမှု ၅ဝ ကနေ ၁ဝဝ အထိ လက်ခံဖြေရှင်းပေးနေကြဖြစ်ပါတယ်။ အခုပြောင်းလဲလိုက်တဲ့ ဥပဒေ သစ်အရဆိုရင် လ.ဝ.ကနဲ့အလုပ်တွေနည်းသွားပြီမဟုတ်လား။

ဂျပန်တ နိုင်ငံလုံးမှာရှိတဲ့ဒေသတွေက လ.ဝ.ကဝန်ထမ်း ၃,၅ဝဝ ဦး အလုပ်တာဝန် တွေလျော့နည်းသွားလို့ ရွှေနိုင်ငံတော်ကြီးက ဝန်ထမ်းတွေကို လက်ဖက် ရည်ဆိုင်ထိုင် ချဲတွက်လုပ်ဖို့အချိန်တွေရှိလာမလားလို့မထင်ပါနဲ့ခင်ဗျာ။

'ဂိုင်းဂျင်းကဒ်'လို့ခေါ်တဲ့ နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စကို ပိုပြီး တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပါသတဲ့။ လုံးဝမအားစေရပါခင်ဗျာ။ ဂျပန်လေ ဂျပန်...။

သြော် ဂျပန်လေ ဂျပန်ဆိုလို့ ဒီအသုံးအနှုန်းကို ရွှေမြိုင်အောင် ''၂ဝ၁ဝ ရွေးကောက်ပွဲနဲ့သူတို့''ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ရေးခဲ့စဉ်က သုံးခဲ့ဖူး ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းက ကရင်ဒုက္ခ သည်တွေကို ဂျပန်မှာအခြေချနေထိုင်ရန်အစီအစဉ်နဲ့ တနှစ်ကို အယောက် ၃ဝ နှုန်းနဲပ ၃ နှစ်စီမံကိန်း အယောက် ၉ဝ ခေါ်ဖို့ လုပ်နေတဲ့အကြောင်းပါ။

အဲဒီဆောင်းပါးထဲမှာ ဂျပန်အစိုးရက မယ်လဒုက္ခသည် စခန်းထဲမှာရှိတဲ့ ဒုက္ခသည်သိန်းချီရှိအထဲက သူတို့အင်တာဗျူးပြီး လူသား ချင်းစာနာခံရလို့ ရွေးပြီးကောက်ခဲ့တဲ့ ဖထီးသားလေးတွေကို သဘာဝဘေးအန္တရာယ်ထပ် ပြောရာ နာဂိုနိုခရိုင်မှာ အခြေကျနေထိုင်နိုင်အောင် စီစဉ်နေတယ်လို့ရေး သားခဲ့ပါတယ်။

အခုတော့ လူ ၃ဝ မဟုတ်တော့ပဲ ၃၂ ယောက်ပါတဲ့။ တိုးလာတဲ့ ၂ ဦးလည်း ဂျပန်အစိုးရရဲ့ လူသားချင်းစာနာခံလိုက်ရတဲ့ ကံထူးရှင်ပေါ့လေ။ မကြာမှီ အောက်တိုဘာလအတွင်းမှာ ဂျပန်ကိုရောက် လာမယ့် ဖထီးသားလေး မိသားစု ၆ စုဟာ ဂျပန်ရောက်ရင် အရင်ဆုံး တိုကျိုမှာ ၆ လလောက် ဂျပန်စကားနဲ့ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားရ မှာဖြစ်ပြီး သူတို့ကို ဂျပန်ပြည်ထဲက ဘယ်မြို့ရွာ၊ ဘယ်ဌာနကိုပို့မယ်ဆိုတဲ့ ကိစ္စကို အလျင်စလိုမဆုံးဖြတ်သေးကြောင်း သတင်းထုတ်ပြန်လိုက်တယ် လို့ ကြားသိရပါတယ်။

ဟုတ်ကဲ့... ဂျပန်လ.ဝ.ကရဲ့တံခါးကြီးကတော့ ဖွင့်တော့ထားပါတယ်။ အဲဒီ့ဝင်ပေါက်ဟာ ဂျပန်မှာအခြေကျနေထိုင်စေချင်တဲ့ ကျွမ်းကျင်လုပ်သား နိုင်ငံခြားသားအတွက်လား...။ သို့တည်းမဟုတ် ၂ဝ၂ဝ ခရီးသွားနှစ်မှာ ဝင်ငွေကောင်းအောင်အတွက်လားဆိုတာကိုတော့...
စာဖတ်သူများသာ ဆုံးဖြတ်တော်မူကြပါ။

...(ရွှေမြိုင်အောင်)
http://www.moethaukkye.co.cc/2010/08/blog-post_886.html မှကူးယူဖေါ်ပြသည်

ချောင်းကြည့်သူရဲ့ အမှား (အမှတ်-၂၄)ကိုကြီးပေါ်

နွေဆို ရေခန်း, မိုးဆို ရေကြီးတဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ဒီနှစ်မိုးရာသီကို ရခိုင် ရေဘေးလေဘေးနဲ့ စဖွင့်လိုက်ပါပြီ။

တဆက်တည်းမှာပဲ ကချင်ပြည်နယ် ဖားကန့်မှာ ရေကြီးပါတယ်။ ဒီနှစ်မှာ အယ်နီညို မိုးလေ၀သဖြစ်စဉ် ရှိတာကြောင့် မိုးနှောင်းကောင်းမယ်လို့ ဆိုပါတယ်။ “မိုးနှောင်းကောင်းမယ်” ဆိုတာက နားဝင်ချောအောင် ပြောတာ။ အဓိပ္ပာယ်က မိုးအကုန် ဆောင်းအကူးမှာ ရေကြီးမယ်လို့ ဆိုလိုတာပါ။

နွေရာသီ စာရင်းပိတ်လက်ကျန် ကတော့ အင်းလေးကန်ကြီး ရေခမ်းခြောက်သွားတာပါပဲ။ကိုကြီးပေါ် တယောက် ရာသီဥတုကို စာရင်းလိုက်ကောက် နေရတာက အကြောင်းရှိပါတယ်။ ရွှေပြည်တော်ကြီးမှာ “စား ၀တ် နေ” ဆိုတဲ့ အရေးသုံးပါးအနက် နေရေးကိစ္စမှာ နေ့စဉ်နဲ့အမျှ ရာသီဥတုနဲ့ စီးချင်းထိုး နေရတာကြောင့်မို့ပါ။

ကိုကြီးပေါ်တို့ရဲ့ ရွှေပြည်တော်ကြီး ဆိုတာက အင်မတိအင်မတန် သဘာဝနဲ့ တသားတည်းကျအောင် နေထိုင်တဲ့ ပြည်တော်ကြီး မဟုတ်လား။ လူကဖန်တီးထားတဲ့ အရာတွေကို လုံးဝ ဆန့်ကျင်တယ်လေ။ လျှပ်စစ်မီး မသုံးဘူး။ လောင်စာစွမ်းအင် မသုံးဘူး။ သဘာဝ အလင်းရောင်နဲ့ နေတယ်။ သဘာဝကပေးတဲ့ စွမ်းအင်နဲ့ပဲ နေတယ်။ သဘာဝတရားကို အဲသလောက် ချစ်မြတ်နိုးစွာ အမြော်အမြင် ကြီးစွာ ထိမ်းသိမ်းထားတာကလား။

ဒီလို သဘာဝအတိုင်း နေထိုင်သူတွေ ဆိုတော့ သဘာဝ ရာသီဥတုနဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရနေတာကိုက ဒုလ္လဘတရားပါပဲ။ ပူမယ်ဆို ပူလိုက်၊ အေးမယ်ဆို အေးလိုက်၊ လေတိုက်ချင် တိုက်ပစ်လိုက်၊ ရေကြီးချင် ကြီးပစ်လိုက်။ ရွှေပြည်တော်မှာ သဘာဝ ရာသီဥတုက လွတ်လပ်ခွင့် အပြည့်နဲ့ သောင်းကျန်းသမျှကို ရွှေပြည်တော်သားတွေက မေတ္တာမပျက် ခံယူလျက်ပါ။

ဒါတင်မက မိုးရွာလို့ ရေကြီးတာကို မြို့ထဲနေသူတွေ မခံစားလိုက်ရမှာ စိုးလို့ မြို့လယ်ခေါင်မှာကို ရေကြီးအောင် လုပ်ပေးထားတာ။ ရွှေပြည်တော်ကြီးရဲ့ ခေတ်ရှေ့ပြေးမှုကို ဘယ်သူတွေ လိုက်မီလိမ့်မလဲ။

အဲ… ခက်နေတာက ရွှေပြည်တော်မှာ ဖြစ်ပျက်သမျှကို လူတွေက အမီလိုက်နိုင်ပေမယ့် တိရစ္ဆာန်တွေက အမီမလိုက်နိုင်ရှာတော့ ခမျာတို့မှာ ကပ်ဘေးတွေနဲ့ ကြုံနေရရှာရဲ့…။

(ကြွက်ရယ်, ဆင်ရယ်, လိုဏ်ခေါင်းရယ် )

ဇွန်လကုန်ပိုင်းမှာ ထူးထူးခြားခြား ကြားလိုက်ရတဲ့ သတင်းက ကြတ်ပြေးနေပြည်တော်က ကြွက်တွေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းနေကြတယ် ဆိုတာပါပဲ။

ကြွက်ဆိုတာ မြေအောင်းသတ္တ၀ါ။ နေရာ အနှံ့အပြားမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် အကောင်ရေ ထောင်သောင်းချီပြီး သွားလာနေတယ် ဆိုရင်တော့ ဒါ ပုံမှန် မဟုတ်တော့ဘူးပေါ့။

သဘာဝကို မှီခိုနေရတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ နေထိုင်မှုဟာ ဗီဇတုံ့ပြန်မှုကြောင့် အဓိက ဖြစ်လာရပါသတဲ့။ သဘာဝက တခုခု အပြောင်းအလဲ ဖြစ်လာရင် သူတို့လည်း အပြောင်းအလဲ ဖြစ်လာတယ် ဆိုတဲ့ သဘောပေါ့။

တချို့ ကိစ္စတွေမှာ သဘာဝက ပြောင်းလဲလာတော့မယ့် အခြေအနေနဲ့ လိုက်လျောအောင် တိရစ္ဆာန်တွေကလည်း ကြိုတင်ပြီး ပြောင်းလဲလာတတ်တယ်တဲ့။ ဒါကို တိရစ္ဆာန်တွေက ကြိုသိနေတယ်လို့ အလွယ် ပြောကြတာပေါ့။

ဆူနာမီတုန်းက အာချေးက တံငါရွာတရွာဟာ ရေလှိုင်းဒဏ်က လွတ်ခဲ့သတဲ့။ ဘာကြောင့်လဲ ဆိုတော့ ပုရွတ်ဆိတ်တွေ ကုန်းပေါ် ရွှေ့ပြောင်းတက်လာတာကို တွေ့တော့ သူတို့ ဘိုးဘွားတွေ အစဉ်အလာ မှတ်သားခဲ့တဲ့ စကားကို အမှတ်ရပြီး ရေလှိုင်းကြီးတွေ လာတော့မယ် ဆိုတာကို ကြိုသိနေသတဲ့။ ဒါကြောင့် ကုန်းပေါ်ကို အချိန်မီ ရွှေ့နေခဲ့နိုင်လို့ တရွာလုံး ဆူနာမီဒဏ်က လွတ်ခဲ့ပါသတဲ့။

ကဲ… ကြွက်တွေကတော့ ရွှေ့ကုန်ပြီ။ လူတွေက ဘယ်လို အဓိပ္ပာယ် ကောက်ကြမလဲ။ ကိုကြီးပေါ်တော့ ဒီကိစ္စမျိုး သိပ်မသိလို့ သိပ်မပြောတတ်ပါဘူး။
ဟို မြန်မာ့အရေး ကျွမ်းကျင်သူ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေကို မေးကြည့်ရင် ကောင်းမယ် ထင်တာပဲ။ အတိုက်အခံ တွေကတော့ ကြွက်ပြေးတာ နအဖကြောင့်လို့ပဲ ကောက်ချက်ချမယ် ထင်ပ။

အဝေးရောက် ၀န်ကြီးတွေကတော့ ဒီကိစ္စကို နိုင်ငံတကာမိသားစုက ကြည့်မနေဖို့ တိုက်တွန်း သွားပါ့မယ်လို့ အင်တာဗျူးလုပ်ရင် ဖြေကြမယ် ထင်ပါရဲ့။ အချို့ကတော့ ကြွက်ကယ်ဆယ်ရေး ရန်ပုံငွေတွေ ဘာတွေများ ထူထောင်မယ်လား မသိ။

ဘိုးတော်တွေ ဗေဒင်ဆရာတွေကိုတော့ မမေးရဲဘူး ခင်ဗျ။ သူတို့ရဲ့ အတိတ်နိမိတ် ကောက်ယူပုံတွေကို ကိုကြီးပေါ် လုံးဝ နားမလည်လို့ပါ။ ဘိုးတော်နဲ့ ဗေဒင်ဆရာတွေ တော်ချက်က ဖြစ်ပြီးတာတွေ အကုန်မှန်ပြီး မဖြစ်သေးတာတွေ အကုန်မှားတာပါပဲ။

“ဒီမိုကရေစီရေးဆိုင်ရာ ဟောချက် အလွဲများ” ဆိုပြီး စာအုပ်ထုတ်ရင်တော့ တော်တော်ထူမယ့် သဘောရှိတယ်။ တမြန်နှစ်က ဒေါ်အောင်ဆန်းစုကြည် သီတင်းကျွတ်ရင် လွတ်ကိုလွတ်ရမယ်၊ မှားရင် အသေခံမယ်ဆိုပြီး “ပညာကျော်” ဆိုတဲ့ အမည်ဝှက်နဲ့ ခေတ်ပြိုင်မှာ ဟောတဲ့ ဗေဒင်ဆရာလည်း ဘယ်ဘုံဘယ်ဘ၀ ရောက်လေပြီ မသိ။ ကိုကြီးပေါ်ဖြင့် အမျှကလေးတောင် မဝေလိုက်ရပါဘူး။ ကျွတ်..ကျွတ်..။

ကိုကြီးပေါ် ထင်တာ ပြောရရင်တော့ ငတ်လို့ ပြေးတယ် ထင်တာပါပဲ။ ငတ်တယ်ဆိုတာက မူလနေရာမှာ စားစရာ ရှားလာလို့ရယ်၊ အခြားနေရာမှာ စားစရာ ပေါတာကြောင့်ရယ် နေရာသစ်ကို ရွှေ့တဲ့သဘောပေါ့။

ဝါးပွင့်ရင် ကြွက်အုပ်ကျတတ်တယ်လို့ ဆိုစမှတ် ရှိတယ်။ ၀ါးဆိုတာ ပွင့်ခဲတယ်။ ၀ါးပွင့်ကို ကြွက်က အလွန်ကြိုက်တယ်။ ဒါကြောင့် ၀ါပွင့်ရာကို ကြွက်တွေအုပ်လိုက် ရောက်လာ, ၀ါးပွင့် သာမက အခြား သီးနှံတွေကိုပါ စားသောက်ပစ်တော့ အဲဒီ အရပ်မှာ စားစရာ ရှားပါး ငတ်ပြတ် ဖြစ်ရတယ်လို့ မှတ်သားရပါတယ်။

မနှစ်ကတုန်းက ချင်းပြည်နယ်မှာ ၀ါးတွေပွင့် ကြွက်အုပ်တွေ ကျလို့ စိုက်ခင်းတွေ ပျက်စီးပြီး အစားအစာ ရှားပါးခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။စာတွေပေတွေထဲမှာလည်း ကြွက်အုပ်တွေကျလို့ မြို့ရွာတွေ ပျက်စီးရတယ် ဆိုတာမျိုး ဖတ်မှတ်ရဖူးပါတယ်။

ဒီတော့ ကြွက်အုပ်ကျရင် သေချာတာက အဲသည် ကြွက်တွေက ငတ်နေတဲ့ ကောင်တွေ ဖြစ်မယ်။ တွေ့ကရာ အကုန်စားမယ်။ သူတို့နဲ့အတူ ရောဂါပိုးမွှားတွေ ပါလာမယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုဟာ အချိန်တိုအတွင်း ကမောက်ကမ ဖြစ်ပြီး ပျက်စီးမယ်။ ဒီလို ယူဆနိုင်မယ် ထင်ပါတယ်။ဟိုးတချိန်တုန်းက အလယ်ရိုးမဆိုတာ ၀ါး အင်မတန်ပေါတဲ့ တောကြီးပေါ့။ ကြွက်တွေရဲ့ တာဝတိံသာလို့ ဆိုရမှာပေါ့။ ပျဉ်းမနား ကြွက်ကြော်ဆိုတာလည်း နာမည်ကြီးရဲ့။

ဒီ အလယ်ပိုင်းဒေသမှာ ပလိပ်ရောဂါ ဖြစ်လို့ သေကြေခဲ့ရတာတွေလည်း ရှိပ။ တခါတရံ ကြွက်အုပ်တွေ ကျတတ်တယ်ဆိုတာလည်း ကြားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ပျဉ်းမနား, ကြတ်ပြေး နဲ့ ကြွက်ဆိုတာ သိပ်တော့ ခွဲခြားထားလို့ မရကောင်းတဲ့ အရာပါ။

ခုတော့ ကြတ်ပြေးက “ကြွက်ပြေး” ဖြစ်သွားပါပြီ။ ဒီအရပ် ဒီဒေသမှာ ကြွက်တွေ မှီခိုနေထိုင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ငတ်ပြီ။ အစာရှိရာ အခြားအရပ်ကို ပြောင်းကြပြီ။ ပြဿနာက ကြွက်တွေ စွန့်ခဲ့တဲ့ ဒေသ မဟုတ်ဘူး။ ကြွက်တွေ ရောက်လာမယ့် ဒေသ ဖြစ်ပါတယ်။ ဒါကိုတွေးပြီး ကြတ်ပြေးမင်းကြီးကတော့ ကြိတ်ပြုံးနေမယ် ထင်ပ။ သူပြုံးနေချိန်မှာ အနီးအနား ဒေသရပ်ရွာတွေကတော့ “သရောကြီးခိုင်း”ရင် ဘယ်လို ပြေးရမလဲလို့ ရင်တမမ နေရတော့မယ့် အဖြစ်ပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြွက်ပြေးချိန်မှာ ဆင်ဖြူ ဆိုတာက ပေါ်လာသဗျ။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်မင်းကြီးများဟာ ဆင်ဖြူ ဆိုတာကိုတော့ အင်မတန် မက်မောတယ် ခင်ဗျ။ ဆင်ဖြူ မရှိသေးတော့ လေယာဉ်ပျံ ပိစိကွေးကို ဆေးအဖြူသုတ်ပြီး “ဆင်ဖြူတော်” လို့ အမည်ပေး စီးသတဲ့။

ကိုကြီးပေါ် သိတာကတော့ ဆင်ဖြူတော် ဆိုတာ မြေဖြူပါပဲ။ဆင်ဖြူဆိုတဲ့ အကြောင်းအရာက ရှေးဟောင်းစာပေတွေမှာ ပါခဲ့လေတော့ အာရှယဉ်ကျေးမှုမှာ အတော် စိမ့်ဝင်နေတဲ့ ကိစ္စပါ။ ဆင်ဟာ လူကို အကျိုးပြုတဲ့ တိရစ္ဆာန်ဆိုတာ မှန်ပါတယ်။ ရှေးက ခရီးသွားဖို့, ကုန်ဆွဲဖို့, စစ်တိုက်ဖို့ ကိစ္စတွေမှာ ဆင်, မြင်း, နွား, ကျွဲ ဆိုတာတွေဟာ မရှိ မဖြစ်ပေါ့။

ဆင်က အင်အား အကြီးဆုံး ဆိုတော့ ပိုအသုံးဝင်တာပေါ့။ ဆင်များများ ရှိလေ အင်အား ပိုရှိလေပေါ့။ ဒီတော့ ဆင်မွေးမြူရေးဟာ အရေးကြီးလာတယ်။ ဆင်ဟာ တိုင်းပြည်ရဲ့ အင်အားတရပ် ဖြစ်လာတာကြောင့် ရှင်ဘုရင်ရဲ့ ရတနာစာရင်းမှာ ဆင်ကို ထည့်သွင်း ထားရတာ ဖြစ်ပါတယ်။သာမန်အားဖြင့် ဆင်ဟာ မည်းပေမယ့် မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့် တချို့ဆင်ဟာ အရေပြားအရောင် ဖြူနေတတ်ပါသတဲ့။

အခြားသတ္တ၀ါတွေမှာလည်း ဒီသဘောအတိုင်း ရှိပါသတဲ့။ ရှေးကတော့ တွေ့ရခဲတဲ့ ဆင်ဖြူဆိုတာ ထူးခြားတယ်လို့ ထင်ခဲ့ကြတာပေါ့။ လူတွေဟာ ရှားပါးတာကို တန်ဖိုးထားတတ်ကြတယ် မဟုတ်လား။ ဒီတော့ ရှားပါးတဲ့ ဆင်ဖြူကိုလည်း နှစ်သက်မြတ်နိုးစရာ တခုလို သဘောထားခဲ့ကြတာပါပဲ။ ပတ္တမြား နီလာ စတဲ့ ကျောက်မျက်ရတနာတွေ လိုပဲ ဆင်ကိုလည်း သက်ရှိရတနာ တခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။

အိမ်မွေးတိရစ္ဆာန် အကြီးစား ဆိုပါတော့။ဒီမှာတင် ဆင်ဖြူကို ဋီကာချဲ့ပြီး ထမင်းအိုးချဲ့တဲ့ လူတွေ ပေါ်လာတော့တာပါပဲ။ ဆင် ဘာကြောင့် ဖြူတယ် ဆိုတာ သိပေမယ့် ကိုယ့်ရဲ့ ထမင်းအိုး ပျက်မသွားအောင် ဟိတ်လုံးမြှောက်လုံးတွေနဲ့ တန်ဆာဆင်ခဲ့ကြတာပါပဲ။

“ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အရှိသား မဟုတ်လား။ ဆင်ဖြူထိန်းတဲ့ လူတွေက ရှင်ဘုရင်ကို ဆင်ဖြူပြပြီး ဗုံမြောက်ပေးကြတော့ ရှင်ဘုရင်တွေလည်း ဆင်ဖြူရှင် ဆိုရင် ဂုဏ်ရှိတယ်လို့ ထင်လာကြတော့တာပါပဲ။ အခြား ဘုရင်တွေတော့ ဘယ်လို ရှိတယ် မသိပေမယ့် ဗမာရှင်ဘုရင်တွေကတော့ ဆင်ဖြူ အတော် ရူးကြပါတယ်။

ဆင်ဖြူမ အသေကောင်ကို ၀ါးနဲ့ထောက် အဲဒီပေါ် တက်စီးပြီး ဆင်ဖြူရှင် အမည်ခံတဲ့ ပင်းယခေတ်က “တစီးရှင် သီဟသူ” ဆိုတာ ရှိခဲ့လေသပ။ ဆင်ဖြူ တကောင်မှ မရှိလည်းဘဲ စာရေးတော့ “ဆင်ဖြူများရှင် ဆဒ္ဒန်ဆင်မင်းသခင်” လို့ ရေးခဲ့ကြတာပါပဲ။

ဆင်အုပ်ထဲမှာ ဆင်ဖြူပါရင် အဲဒီ အဖြူကောင်ကို ကျန်တဲ့ အမည်းတွေက ၀ိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ ဒါကို ဆင်ဋီကာချဲ့သူတွေက ဆင်မည်းထက် ဆင်ဖြူက သာလွန်တယ်လို့ ဆိုပဲ။ တကယ်က ဗီဇဖောက်ပြန်မှုအရ ဆင်ဖြူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းပါတယ်။ ဆင်တွေဟာ သူတို့အချင်းချင်း အားနည်းသူကို စောင့်ရှောက်တတ်တဲ့ သဘာဝ ရှိသူတွေပါ။ အမျိုးသမီးများနဲ့ ကလေးများကို ဦးစားပေးပါ ဆိုတာ လူထက် ဆင်က စောပါတယ်။ သူတို့သဘာဝအရ အားနည်းတဲ့ ဆင်ဖြူကို ကျန် ဆင်မည်းတွေက စောင့်ရှောက်ပေး တာပါ။ ဆင်ဖြူဟာ ဆင်မည်းထက် အသက် တိုလေ့ရှိပါတယ်။

ဆင်ဖြူကို လူကမွေးတော့လည်း အလုပ်မခိုင်းဘဲ တယုတယ ထားပါတယ်။ အမှန်က ဆင်ဖြူဆိုတာ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေက ဟန်သာရှိပြီး လက်တွေ့ အလုပ်မဖြစ်တဲ့လူကို white elephant လို့ တင်စားသုံးနှုန်းခဲ့ကြတာပါ။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ဆင်ဖြူဆိုတာ “အလကားကောင်” ဖြစ်နေပေမယ့် အရှေ့တိုင်း ယဉ်ကျေးမှုမှာတော့ ဆင်ဖြူဆိုတာ “အာဏာဝိသေသ” ဖြစ်နေရတာကိုက လောကရဲ့ သရော်ချက် တခုပါပဲ။

သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာမှ မကြာသေးဘူး၊ ဗိုလ်သန်းရွှေက ဆင်ဖြူ ရောဂါထပြီး ရခိုင်မှာ ဆင်ဖမ်းပါသတဲ့။ အခု ခြောက်လ တနှစ် ကြာတော့ တွေ့ပါပြီ။ အသက် ၃၈ နှစ်လောက် ရှိတဲ့ ဆင်မတဲ့။

ဓာတ်ပုံထဲ မြင်ရတာတော့ ဦးခေါင်းရိုး ငေါင်းစင်းစင်းနဲ့။ ဆင်အုပ်ကလည်း လေးငါးကောင်ပဲ ရှိတယ် ဆိုတော့ ဆင်တွေလည်း အငတ်ဘေးကို အတော်ခံစားနေရပုံ ရပါတယ်။ရွှေပြည်တော်မှာ လူတွေက သဘာဝ ရာသီဥတုကို ဒုံရင်းအတိုင်း ရင်ဆိုင် နေထိုင်ကြရချိန်မှာ ကြွက်တွေ ဆင်တွေကတော့ သူတို့ သဘာဝ နေထိုင်မှုကို စွန့်ပြီး မြို့ရွာတွေထဲ နန်းတော်ထဲ ၀င်လာနေကြလေရဲ့။

ကိုကြီးပေါ်ကတော့ ဒီအဖြစ်သနစ်တွေကို ကြည့်ပြီး အမှားတွေ ပွားနေမိရဲ့။ရွှေပြည်တော်မှာ ဗိုလ်ချုပ်မင်းကြီးက “ရေမြေအလုံးကို အစိုးရတော်မူသော” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် မြေတွင်း လှိုဏ်ခေါင်းတွေ နက်နက် တူးနေတာ အံ့မခန်းဆိုရဲ့။ ရလဒ်ကတော့ မြေတွင်းက ကြွက်တွေခမျာ နေစရာ မရှိ စားစရာ မရှိတော့လို့ ထွက်ပြေးနေရလေရဲ့။

အဲဒီ လှိုဏ်ခေါင်းတွေထဲမှာ လျှို့ဝှက် ထုတ်လုပ်နေတဲ့ ညူကလီးယား ဆိုတာကြီးက ဗုံးဖြစ်ဖို့ နေနေသာသာ လောက်စာလုံးတောင် မဖြစ်သေးဘူးလို့ ပညာသည်တွေက ပြောလိုက်တော့ ဗိုလ်ချုပ်မင်းကြီးခမျာ ရင်ကွဲပက်လက် ဖြစ်ရပြန်ရဲ့။ သြော်.. “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မင်းကြီးရဲ့ ညူကလီးယားဆိုတာ “ဆင်ခေါင်း ခွေးချီ” ကြီးပါလား ဟရို့။

အခုချိန်မှာ အဖြစ်သင့်ဆုံးကတော့ မြေတွင်းအောင်းနေတဲ့ ဗိုလ်ချုပ်မင်းကြီးဟာ “ဆင်ဖြူရှင်” ဘွဲ့ကို အမြန်ဆုံး ခံလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဆင်ဖြူဆိုတာ ဟန်သာရှိပြီး အဆန်မရှိတဲ့ အလကားကောင် မဟုတ်လား။

နအဖရဲ့ လုပ်ရပ် အရည်အချင်း အားလုံးကို ခြုံငုံနိုင်တဲ့ သင်္ကေတ ဖြစ်သွားတာပေါ့။ဒါမှမဟုတ် သွားလေသူ ဗိုလ်ခင်ညွန့်ကို နမူနာယူ ပြောရရင် ဆင်ရေချိုးတဲ့လူ မြန်မြန် ဂျောင်းရလေသတဲ့။

ကိုကြီးပေါ်

http://www.moethaukkye.co.cc/2010/07/blog-post_05.html မှကူးယူဖေါ်ပြသည်