Sunday, November 21, 2010

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

မြန်မာ့လွတ်လပ်ရေး အတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော် ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံ သဘောတူညီချက် ကို လက်မှတ် ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

20/11/2010. RFA. NEWS. အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက် ဆက်နိုင်ငံရေးမှာပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီးမျိုးချစ်ပုဂ္ဂိုလ် တွေကိုကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေးဆောင် ရွက်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင် အဖြစ်တာဝန် ပေးအပ်လိုက်ကြပါတယ်။

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။ ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလိုပြောပါ တယ်။ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများ ကနေပြီး ဒုတိယအကြိမ် ပင်လုံ သဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး ဒီမိုကရေစီအင်အား စုများအားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရ စေလို့ မေတ္တာရပ်ခံတယ်၊ အဲဒီလိုမေတ္တာရပ်ခံပြီး ဇိုမီးအမျိုးသားခေါင်းဆောင် ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အဖွဲ့ချုပ်အထွေထွေအတွင်း ရေးမှူးဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားတဲ့ဒီမိုကရေစီအင်အားစုများ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အဲဒီမူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်း ကိုပေးအပ်ပါတယ်။

မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည် ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင် နိုင်မှာမဟုတ်တဲ့ အတွက်အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီး တွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ် တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ ခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂၀ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။

No comments: