Saturday, November 20, 2010

ကုလအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်း စုကြည်ကို နှုတ်ခွန်းဆက်


19/11/2010. အခုလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ် ကနေလွတ်မြောက် လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၈ ရက် မနေ့က ကိုယ်တိုင် တယ်လီဖုန်းဆက်ပြီး ၁၅ မိနစ်ကြာ နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတွေ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာကို သူ့အနေနဲ့ အလွန် အင်မတန်မှ လေးစားမိ တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Faran Haq က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို ဦးစားပေး အဆင့်အနေနဲ့ စစ်အစိုးရက လွှတ်ပေးဖို့ လိုတယ် ဆိုတာကို အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံး တသဘောတည်း ရှိတဲ့အကြောင်း ပြောဆိုကြပါတယ်။ ဒါဟာ မြန်မာ နိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ နိုင်ငံသား အားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ရဖို့အတွက် ဦးတည်ပါတယ် လို့ပြော ပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဘီယား မြန်မာနိုင်ငံကို စောစောလာနိုင်ဖို့ ထောက်ခံကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒေါ်အောင်ဆန်းကြည်က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ အခန်း ကဏ္ဍကို လေးစားကြောင်းနဲ့ ဆက်လက်ပြီးတော့ အလေးပေး ဆောင်ရွက် ပေးဖို့ ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Faran Haq က သတင်းထောက် တွေကို ပြောကြားသွားပါတယ်။ RFA. NEWS.

No comments: